မန္တလေး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ကျွန်းစည်ကျေးရွာမှာရှိတဲ့ ဘုံသာဘုန်းကြီးကျောင်းထဲကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီခန့်က စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၅ လုံး ကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းထဲက အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ် ၁ စီးဟာ ပေါင် ၅၀၀ နဲ့ ပေါင် ၁၂၀ ဗုံးသီးတွေကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံး ၃ လုံးက ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲကာ ကျန် ၂ လုံးကတော့ ဘုန်းကြီးကျောင်းဘေးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုံသာဘုန်းကြီးကျောင်းထဲမှာရှိတဲ့ ဆွမ်းစားဆောင်၊ ရေစင်နဲ့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့သလို အနီးဝန်းကျင်မှာရှိတဲ့ အိမ်တွေက မှန်တွေကွဲခဲ့တယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းထဲမှာ အလှူအတန်းနဲ့ ဥပုသ်သည်တွေ မရှိတာကြောင့် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေမရှိပေမယ့် ကျေးရွာအတွင်းက ဆန်စက်မှာ စပါးလာကြိတ်တဲ့ အမျိုးသမီးတဦး ဗုံးသံကြောင့် မေ့လဲသွားတာတော့ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ စဥ့်ကူးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရာရှိတဦးရဲ့ မင်္ဂလာဆောင်နဲ့ ဘုန်းကြီးကျောင်းကို မှားကြဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေပြည်ကျေးရွာအုပ်စုအတွင်းမှာတော့ အခုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ဟာ ၂၀၂၄ ဇူလိုင်လကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တခုဖြစ်ပါတယ်။
သတင်း – မြတ်သော်တာ၊ စာတည်း – လင်းဇေ