■ သေနတ်နဲ့ လက်ပစ်ဗုံး ကိုင်ဆောင်ခွင့်ရှိသူဖြစ်လို့ အမှုဖွင့်တိုင်ကြားရဲသူ မရှိ
ပေါင်းတည်၊ ဩဂုတ် ၂၂၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ပျူစောထီးအဖွဲ့ဝင်တဦးက အလယ်တန်းကျောင်းသူတဦးကို ခိုးယူပေါင်းသင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ် ဘုရားငါးဆူအုပ်စု ဘုရားငါးဆူရွာ ခရေပင်လမ်းက အသက် ၅၀ ခန့်ရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းကိုဆိုသူက ရွာထဲက အလယ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ဝန်းကျင် Grade- 9 ကျောင်းသူကို ဩဂုတ်လ ၁၆ ရက်နေ့က ခိုးယူပေါင်းသင်းခဲ့တာလို့ ဆိုပါတယ်။
“ကောင်မလေးကို သူတို့ကျောင်းက ဝါဆိုသင်္ကန်းကပ်တဲ့နေ့က ခေါ်သွားတာလို့ ပြောတယ်။ အိမ်ကနေစီးသွားတဲ့ စက်ဘီးက မြသိန်းတန်ဘုရားနားက ရေတွင်းနားမှာတွေ့လို့ မိဘတွေ အရမ်းစိတ်ပူသွားတာ။ နောက်ရက်ကျမှ ကလေးမလေးက ပြည်မြို့မှာရောက်နေတယ်လို့ ဖုန်းလှမ်းဆက်လို့ ဝင်းကို ခေါ်သွားတာကို သိရတာ။ အရွယ်မရောက်သေးတဲ့ ကလေးအတွက် ရင်လေးစရာပဲ”လို့ ကျောင်းသူလေးရဲ့မိဘတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပျူစောထီးဝင်းကိုဟာ သေနတ်တလက်နဲ့ လက်ပစ်ဗုံးတလုံးကို အမြဲဆောင်ထားလေ့ရှိသလို ကြံ့ခိုင်ရေးဟောပြောပွဲတွေကိုလည်း သူ့ရဲ့နေအိမ်မှာ လက်ခံကျင်းပလေ့ရှိသူတဦးဖြစ်ပြီး အိမ်ထောင်ရှိသော်လည်း မိန်းမကိစ္စ ရူပ်ပွေသူတဦးဖြစ်တဲ့အတွက် မိဘတွေက စိတ်ပူနေတယ်လို့ သူကဆက်ပြောပါတယ်။
ကျောင်းသူလေးကို ခေါ်သွားချိန်မှာ ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းကြေးအတွက် ကောက်ခံစုဆောင်းထားတဲ့ကျပ်သိန်း၂ဝဝ ကို တပါတည်းယူဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမလေးအတွက် အမှုဖွင့်ဖို့လိုအပ်ပေမယ့် မိဘတွေဘက်က အမှုဖွင့်ထားမထား မသိရသေးဘူးလို့ ဒေသခံနောက်တဦးက ဆိုပါတယ်။
“ငဝင်းက အရင်က ပေါင်းတည်မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကားကိုမောင်းတဲ့ ပျူစောထီးပါ။ ဗုံးတွေ သေနတ်တွေ အမြဲကိုင်တယ်လို့ ကြားတယ်။ အခုကိစ္စအတွက်တော့ သူ့ကိုတရားစွဲသင့်တယ်။ ကောင်မလေးက အပျိုပြန်မဖြစ်ပေမယ့် နောင်တရပြီး ပြန်ကောင်းသွားနိုင်တယ်။ ကလေးမလေးမိဘတွေက လိုက်ရှာနေတာ မနေ့ကအထိတော့ ကလေးမလေးကို မတွေ့သေးဘူး။ အမှုဖွင့်လား မဖွင့်လားတော့ မသိဘူး” လို့ သူက ပြောပါတယ်။
ပေါင်းတည်မြို့နယ်ရှိ ပျူစောထီး (ခေါ်) ပြည်သူ့စစ်တွေဟာ လုံခြုံရေးအကြောင်ူပြပြီး ဂိတ်စောင့်တာ၊ စစ်မှုထမ်းတပ်သားသစ် ဖမ်းဆီးတာအပြင် မူးယစ်ဆေးဝါး ရောင်းချတာ၊ တရားမဝင် ကျွန်းသစ်ခိုးတာတွေနဲ့ လောင်းကစားဒိုင်တွေ၊ KTV၊ မာဆက်တွေဆီကနေ ဆီက လိုင်းကြေးတောင်းကာ ဝင်ငွေဖြောင့်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။