တိုက်ပွဲတွင်း PDF ၆ ဦးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
ဘုတလင်၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ နေရာ ၄ နေရာကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်ရာ ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ဘုတလင်မြို့ပေါ် အထကကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ‘မိုး’ ကိုယ်ပိုင်အထက်တန်းကျောင်း စတဲ့နေရာတွေမှာရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို မနက် ၅ နာရီကနေ နေ့လယ် ၂ နာရီအထိ တိုက်ခိုက်ခဲ့တာလို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။
“တနေရာနဲ့တနေရာက သိပ်မဝေးဘူး၊ အားလုံးပေါင်းရင် ခန့်မှန်းအင်အား ၁၀၀ ရှိတယ်၊ အတုအယောင် ရွေးကောက်ပွဲကို လက်မခံလို့ ကျနော်တို့ မြို့ပေါ်မှာရွေးကောက်ပွဲပြုလုပ်လို့မရအောင်နဲ့ မြို့သိမ်းတိုက်ပွဲပါ တခါတည်းဆင်နွှဲခဲ့ပါတယ်၊ ကျနော်တို့ဘက်က အောင်မြင်မှုအများကြီးရခဲ့ပါတယ်။” လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်း တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“စစ်ကော်မရှင်ဘက်က အနည်းဆုံး ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်၊ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်၊ နမခ ကလာတဲ့ စစ်ကြောင်းကိုဖြတ်တိုက်တဲ့ ခရိုင် ပကဖ ကလည်း ၃ ဦးကျဆုံးခဲ့တယ်” လို့ သူက ပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က ဒီဇင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်ညအထိ မြို့ကိုထိန်းထားနိုင်ခဲ့ပြီး အဲ့ဒီကာလအတွင်း မုံရွာ နမခ တပ်ကနေလေကြောင်းပစ်ကူ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ သပြေပင်ရွာမှာ လုံခြုံရေးပေးတဲ့ အင်အား ၇၀ ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို သပြေပင်ရွာအစပ်မှာ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။
တည်းဖြတ် – M























