ကမ္မ၊ ဇွန် ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီး ဆုံကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ အညာမြေအရပ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။
ဇွန် ၁၀ ရက်မနေ့ကမနက် ၈ နာရီလောက်ကစပြီး ၁၀ ကြိမ်ထက်မနည်းဗုံးကြဲခဲ့တာကြောင့် ဆုံကုန်းရွာလည်ရှိ ဓမ္မာရုံအနီးတဝိုက်ကိုကျရောက်ပြီး အသက် ၃၀ အရွယ်အမျိုးသားကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“၈ နာရီဝန်းကျင်လောက် အိမ်သာတက်နေရင်း လေကြောင်းတိုက်ခိုက်ခံရတာ၊ ရွာလယ်ဓမ္မာရုံနား ကျတာကနေ အစမှန်တာထင်တယ်။ မရှောင်ပဲရွာမှာကျန်ခဲ့တဲ့လူ (ထိတာ)။ အခြားပျက်စီးမှု အသေးစိတ်မသိရသေးဘူး”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးကဆိုပါတယ်။
ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်ဘက်က ကားအစီးရေ ၁၁၈ စီး၊ စစ်အင်အား ၄၀၀ ခန့်ရောက်တဲ့ ဇွန် ၆ ရက်ကစတင်ပြီး ကမ္မမြို့အနီးတဝိုက်ကိုလေကြောင်းကနေ နေ့စဉ်နီးပါးဗုံးကြဲချနေတာဖြစ်ပြီး မနေ့ကဗုံးအလုံးရေ ၃၀ ကျော်ကြဲချခဲ့တယ်လို့ သိရပါတယ်။
“နေ့တိုင်းလာနေတာပါ။ ပါရာမော်တာလာတယ်၊ Y 12 လာတယ်၊ ဒရုန်းနဲ့လာတယ်၊ (မနေ့က) ၃၆ လုံးချပြီး အကြိမ်ရေအနေနဲ့ Y 12 ၁၅ ကြိမ်၊ ပါရာမော်တာ ၂ ကြိမ်ဗျ”လို့ အညာမြေအရပ်ဖက် အဖွဲ့အစည်းမှတာဝန်ရှိသူတဦးကဆိုပါတယ်။
ဇွန် ၆ ရက် နေ့လယ် ၂ နာရီခန့်မှာ ကမ္မမြို့အနောက်ဘက်ကို စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကမ္မမြို့အနောက်ဘက်ရှိ ဂျိုးပျံရပ်ကွက်၊ မကျီးသုံးပင်ရွာ၊ သံဘိုရွာအနီးတို့ကိုလည်း ဇွန် ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာလေကြောင်းကနေ ၁၁ ကြိမ်၊ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေလည်းနေရပ်ကထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ကမ္မမြို့ပေါ်ရောက်ရှိနေတဲ့စစ်ကောင်စီအဖွဲ့ဟာ မေ ၂၉ ရက်မှစတင်ကာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ မြို့ပေါ်စျေးကိုလည်း ဖွင့်ခိုင်းထားတယ်လို့ သိရပါတယ်။
“ကမ္မထဲက ၁ အိမ်မီးရှို့တယ်လို့တော့ ကြားတယ်။ ပြည်သူအချို့ရှိတယ်လို့ ပြောတယ်။ စျေးကိုလည်းဖွင့်ခိုင်းတယ်။ ဘယ်သူမှတော့သွားမဝယ်ရဲဘူး။ အသက်ကြီးတဲ့စျေးသည်အများစုတော့ ဖွင့်ရတယ်ပြောတယ်။ ဒီနေ့ကတော့စစ်ကြောင်းရွှေ့ဖို့လှုပ်နေတာပြင်ဆင်တဲ့သဘောပါ”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတဦးကဆိုပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်၊ ရေပြာဘက်မှာလည်း တပ်မ ၁၀၁ က နောက်ထပ်စစ်အင်အား ၂၅၀ ရောက်ရှိနေတယ်လို့ သိရပြီး စစ်ကြောင်း ၂ ခုပေါင်းမယ်အခြေအနေရှိတယ်လို့လည်းသူက ခန့်မှန်းပါတယ်။
စာတည်း – လင်း