စလင်း၊ အောက်တိုဘာ ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ် မှာ ဒရုန်းနဲ့ဗုံးချခံရပြီး လူနေအိမ်နဲ့စာသင်ကျောင်းအဆောက်အဦတချို့ ထိခိုက်ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် ယမန်နေ့ နေ့လယ် ၂ နာရီခန့်မှာ ပေါင်းနားရပ်ကွက်၊ ပြန်ဆက်ရုံးအနီး နေအိမ်ပေါ်ကို ဒရုန်းဗုံးသီး ၂ လုံး၊ အောက်တိုဘာ ၂၈ ရက် ဒီကနေ့မနက် ၇ နာရီခန့်မှာ မြင်တင်ရပ်ကွက်ရှိ စလင်းအထက ၁ ကျောင်းဝင်းအတွင်းကို ဒရုန်းဗုံးသီး ၅ လုံးကျရောက်ပေါက်ကွဲခဲ့တာတယ်လို့ ဆိုပါတယ်။
” ဘာကြောင့်ချမှန်းမသိဘူး ဒရုန်းနဲ့လာချတာ။ ဗုံးကပေါက်တယ် လူမထိတာ။ အိမ်ကတော့ ၁ လုံးပျက်စီးတယ်။ ဒီမနက်လည်း ကျောင်းထဲကို ၅ လုံးလောက်ကျတယ်။ ကျောင်းကဖွင့်တယ်။ ကလေးတွေမရောက်တဲ့အချိန်ကျတာ “ လို့ စလင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒရုန်းဗုံးတွေကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ် ၁ လုံး၊ စာသင်ဆောင်တချို့အုတ်နံရံနဲ့ အမိုးတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မြို့ခံတွေထံကသိရပါတယ်။
စစ်ကော်မရှင်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စလင်းမြို့ပေါ်လူနေရပ်ကွက်တွေအတွင်း PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။
ဒီကနေ့မနက်ပိုင်း စာသင်ကျောင်းအတွင်း ဒရုန်းဗုံးသီးတွေကျရောက်ပေါက်ကွဲပြီးနောက် ကျောင်းကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့က စလင်းမြို့မရဲစခန်း၊ မြို့တောင်ဘက်ရှိဘောလုံးကွင်းအနီး၊ ကံပြားရွာအထွက် စလင်း-စေတုတ္တရာလမ်းပိုင်း ကန်လယ်အနီး၊ ဆင်ဖြူကျွန်းမြို့ဘက်အထွက် စက်သုံးဆီဆိုင်တွေအနီးမှာ တပ်စွဲထားပြီး ၂၀၂၄ ဩဂုတ်လအတွင်းမှာ စလင်းမြို့မရဲစခန်းဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ ရဲစခန်းမှူးအပါ ရဲ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
 
				 
								 
                         
                         
                        