မြေလတ်အသံ၊ ဒီဇင်ဘာ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကလေး၊ ဗန်းမောက်နဲ့ ကောလင်းမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာကို ဒီဇင်ဘာ ၂၂ ရက် ယမန်နေ့ ညနေ ၅ နာရီကျော်မှာ မှန်တောရွာစစ်တပ်အထိုင်စခန်းကနေ ဒရုန်း ၁ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
” ကလေးတောင်ပိုင်းမှာက ထိတွေ့တိုက်ပွဲက နေ့တိုင်းလိုလိုရှိနေတာ။ မှန်တောရွာမှာက ပျူတွေနဲ့ ** တွေ စခန်းချနေတာ။ အဲ့ရွာအနီးမှာဘဲ ရှားဖိုရွာရှိတာ။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေက ရွာကနေမထွက်ပဲ အိမ်စောင့်ကျန်နေတဲ့သူတွေလို့သိရတယ်” လို့ သူက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီမှာ ဗန်းမောက်မြို့နယ်အနောက်ခြမ်း နားပင်ကျေးရွာဘုန်းကြီးကျောင်းကို တိုက်လေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး သံဃာ ၁ ပါးအပါ အမျိုးသား၊ အမျိုးသမီး ၆ ဦးဒဏ်ရာရရှိခဲ့တာပါ။
” တိုက်ပွဲမဖြစ်ဘူးဗျ။ အဲ့နေရာကတော်လှန်ရေးတပ်က ထိန်းချုပ်ထားတာ။ အကြောင်းမဲ့လာကြဲတာ။ ၆ ယောက်မှာ ၄ ယောက်က ဒဏ်ရာပြင်းတယ်ဗျ။ ဗုံးသီးက ရေကန်နားမှာကျသွားတာ။ ဘုန်းကြီးကျောင်းလည်း တဝက်တပျက် ပျက်စီးသွားတယ်” လို့ ဗန်းမောက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ၂၂ ရက် ညနေ ၅ နာရီကျော်မှာ ကောလင်းမြို့နယ်၊ နတ်အင်းကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“နွားတကောင်တော့ ပွဲချင်းပြီးသေတယ်။ စာသင်ကျောင်းခြံထဲမှာကျတာဗျ။ ကျောင်းကတော့ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့သူတွေက ကျောင်းအနီးမှာနေကြတဲ့ အိမ်ကလူတွေရသွားတာ။ ကျောင်းကပိတ်ထားတာ” လို့ ကောလင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒဏ်ရာရသူ ၆ ဦးမှာ စာသင်ကျောင်းအနီးနေထိုင်တဲ့ နတ်အင်းရွာခံ ဦးမြင့်ဝင်း၊ ဦးကျော်ပိုင်ဦး၊ ဦးစိုးသူအောင်၊ ဦးအောင်မျိုးသူ၊ ဒေါ်အေး၊ ဒေါ်နှင်းမိုးအေး တို့ ၆ ဦးဖြစ်တယ်လို့ သိရပါတယ်၊
ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်ကလည်း ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ သုံးမြေဆုံရွှေလုပ်ကွက်ကို တိုက် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စာတည်း – ဟိန်းစံ


























