SNA တပ်ဖွဲ့ဝင် ၃ ဦးလည်းသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်း
မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီအမျိုးသားများတပ်မတော် – SNA ကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ချိန် ၂ ဖက်သေဆုံးမှုရှိခဲ့ပြီး လက်နက် ၁ လက် သိမ်းဆည်းခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းက ဇူလိုင် ၁၅ ရက်မှာထုတ်ပြန်ပါတယ်။
မြစ်သေးချင်းကျေးရွာအနီး အင်အား ၁၅ ဦးခန့်ရှိနေတဲ့ SNA ကင်းစခန်းကို ဇူလိုင် ၁၄ ရက်မှာ တော်လှန်တပ်တွေကဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“နယ်မြေရှင်းလင်းရေးသွားလုပ်ပြီး SNA ကာကင်းစခန်းကိုသိမ်းတာ။ စခန်းကနောက်ဆုံး ဘန်ကာတခုပဲ ကျန်တော့တဲ့အချိန်မှာ တပ်ဖွဲ့ဝင်ကျသွားလို့ ပြန်ဆုတ်ခဲ့ရတယ်”လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ကသာခရိုင်အမှတ် ၄ တပ်ရင်း (K-4) မှ အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် ဇော်ဇော်အောင်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ ဇူလိုင် ၁၅ ရက်မနေ့က မြေမြုပ် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် SNA တပ်ဖွဲ့ဝင် ၃ ဦးလည်းသေဆုံးခဲ့ပြီး ၎င်းတို့ဆီက G-3 သေနတ် ၁ လက်သိမ်းဆည်းခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန် ၉ ရက်မှာလည်း အင်အား ၂၀၀ ခန့်ရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် – SNAနဲ့ KIA၊ PDF၊ မိုင်းတုံတပ်ရင်း၊ ဗန်းမောက်မြို့နယ်ပကဖပူးပေါင်းတပ်ဖွဲ့တွေ ဗန်းမောက်မြို့နယ်၊ ဘူးတောင်းနဲ့ လေသာကုန်း ကျေးရွာအကြားမှာ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း SNA အလောင်း ၁ လောင်းနဲ့ သေနတ် ၂ လက်ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့မေ ၇ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်၊ စက်တောကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ SNA အင်အား ၁၀၀ ခန့်နဲ့ People’s Defence Force Katha Disyrict B-04 တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ SNA ဘက်မှ ၃ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း