မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ကသာမြို့ နယ်တို့ကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့လယ် ၂ နာရီကျော်မှာ ဗန်းမောက်မြို့နယ်၊ တောင်ပိုင်းရှိ သုံးမြေဆုံ ရွှေလုပ်ကွက်နေရာကို တိုက်ခိုက်ရေးလေယာဥ် ၂ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကြဲတာက ထာဝရ ကုမ္ပဏီဆိုက် သုံးမြေဆုံကိုဗျ။ ရွှေကွက်က လုပ်သားဒေသခံတွေပဲဗျ။ ၁ ယောက်ကတော့ပွဲချင်းပြီးသေတယ်။ ၅ ယောက်ကတော့ ထိတာ။ အဲဒီထဲက ၂ ယောက်ကတော့ ဒဏ်ရာပြင်းတယ်လို့ သိရတယ်”လို့ ဗန်းမောက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ ကိုငြိမ်းမောင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး တို့ဖြစ်ကာ ဗုံးကြဲခဲ့တဲ့နေရာဟာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမောက်မြို့နဲ့ မိုင်၂၀ ခန့် ကွာဝေးတယ်လို့ သူကဆိုပါတယ်။
အလားတူ ဒီဇင်ဘာ ၇ ရက်ည ၇ နာရီနဲ့ ၁၀ နာရီတို့မှာလည်း ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာရှိ အလယ်တန်းစာသင်ကျောင်းနဲ့ ကျောက်ထုံးကြီးကျေးရွာကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ကျောင်းမှာ ကျောင်းတက်တာ၊ စာသင်တာမရှိဘူးဗျ။ ပိတ်ထားတာ။ လူအထိအခိုက် ကတော့ မရှိဘူးဗျ။ KG ဆောင်ကတော့ လုံးဝပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းဆောင်ကတော့ အနည်းငယ်ပျက်စီးတယ်” လို့ ကသာဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ထုံးကြီးကျေးရွာမှအမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၃ လုံးလည်း တချို့တဝက်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
စစ်ကော်မရှင်တပ်က အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသခံတွေနေထိုင်ကြတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်လည်း ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို တိုက်ခိုက်ရေး လေယာဥ် ၁ စီးနဲ့ ဗုံး ၃ လုံးကြဲချခဲ့ရာ ၁၀ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အသက် ၄၀ အရွယ်အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း