တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဗန်းမောက်နဲ့ အင်းတော်မှာ ညမထွက်ရအမိန့်ထုတ်ပြန်(ရုပ်/သံ)

0 3
0 3

မြေလတ်အသံ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့နေရာတွေမှာ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေက ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG တပ်တွေထိန်းချုပ်မှုအတွင်းရှိတဲ့ ဗန်းမောက်မြို့ပေါ်နဲ့ ကျေးရွာတွေကို ည ၉ နာရီ ကနေ မနက် ၅ နာရီအကြား အပြင်ထွက်သွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ကို ရက်အကန့်သတ်မရှိပိတ်ပင်လိုက်ကြောင်း အမှတ် ၁ စစ်ဒေသ၊ ကသာခရိုင် အမှတ် ၄ တပ်ရင်းက နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ထိတွေ့မှုကတော့နေ့တိုင်းရှိပါတယ်။ ညမထွက်ရအမိန့်ကတော့ သူခိုးအန္တရာယ်နဲ့ စစ်ဆင်ရေး ကောင်းကောင်းလုပ်နိုင်ဖို့ပါ။ SNA တွေဘက်က မြို့နဲ့ ၃ မိုင်ပတ်လည်တကြော ကို နေ့တိုင်းလိုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်။ ဒါပေမယ့် ထိုးဖောက်လို့မရတာပါ”လို့ ဗန်းမောက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီအမိန့်ကို ဒေသခံတွေပူးပေါင်းလိုက်နာပေးကြဖို့နဲ့ လိုက်နာမှုမရှိရင် ထိရောက်စွာအရေးယူမှာဖြစ်ပြီး အရေးပေါ်ကျန်းမာရေးကိစ္စတွေရှိလာပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားသွားလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗန်းမောက်မြို့အနောက်ခြမ်း၊ ဇလုံတောင်ကိုသွားတဲ့ လမ်းဘက်မှာတည်ရှိပြီး မြို့နဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ နတလကျောင်းနဲ့ နားယကာကျေးရွာဘုရားကုန်းတို့မှာ စစ်ကော်မရှင်နဲ့ SNA တပ်တို့က အင်အား ၅၀၀ ခန့်နဲ့တပ်စွဲပြီး မြို့ပေါ်ကိုထိုးဖောက်နိုင်ဖို့လည်း နေ့စဉ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအတွင်း NUG ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့တဲ့ ဗန်းမောက်မြို့အနောက်ခြမ်းရှိ နတလကျောင်းနဲ့ နားယကာ၊ စက်တော၊ အလယ်ရွာ၊ သခွပ်တာ၊ ခိုနန်းစတဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့အောက်တိုဘာဒုတိယအပတ်မှာ SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်လိုက်တာပါ။

အလားတူ အင်းတော်မြို့ပေါ်နဲ့ ကျေးရွာတွေမှာလည်း ခိုးမှု၊ လုယက်မှု၊ မူးယစ်ရမ်းကားမှုတွေကို မှောင်ရိပ်ခိုပြီး အသုံးချလှုပ်ရှားတာတွေရှိလာတဲ့အတွက် ည ၈ နာရီကနေ မနက် ၄ နာရီကြားထိ ဒေသခံတွေဖြတ်သန်းသွားလာတာမလုပ်ဖို့ နိုဝင်ဘာ ၁ ရက်မှာ ကသာခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အထက်ပိုင်း နယ်စပ်မျဉ်းအနီးမှာ တည်ရှိတဲ့ အင်းတော်မြို့ကို ပြီးခဲ့တဲ့ဧပြီ ၇ ရက် ညဦးပိုင်းမှာ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။