မုံရွာ၊ မေ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိခင်နဲ့အတူဆိုင်ကယ်စီးလာတဲ့ အသက် ၅ နှစ်ကလေးကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက သေနတ်ထောက် လုယက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူမှာ အောင်ချမ်းသာရပ်ကွက်နေ အသက် ၅ နှစ် အရွယ် မောင်ချစ်စံဟိန်း ဖြစ်ပြီး စျေးဝယ်သွားတဲ့မိခင်နဲ့အတူ ဆိုင်ကယ်နောက်ကလိုက်ပါလာစဥ် မေ ၈ ရက် ဒီကနေ့ မနက် ၉ နာရီခွဲခန့် က အဆိုပါရပ်ကွက်ရှိ ချမ်းမြရန်အောင်ဘုန်းကြီးကျောင်းအနီးမှာ သေနတ်ထောက်ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
” ကလေးက နောက်ကနေ သူအမေခါးကို ဖက်လိုက်တာ၊ 125 လို ဆိုင်ကယ်နဲ့ လူ ၂ ယောက် ရောက်လာပြီး နောက်က ကလေးကို အတင်းလုခေါ်သွားတာ၊ ဆိုင်ကယ်စီးနေရင်းကို လုဖမ်းတာ၊ သေနတ်အတိုနဲ့ ကလေးခါးကို ထောက်ခေါ်သွားတယ်”လို့ မိသားစုနဲ့နီးစပ်သူ မုံရွာမြို့ခံ အမျိုးသမီးတဦး မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ အသက် ၂၅ နှစ်ဝန်းကျင် အမည်မသိအမျိုးသား ၂ ဦးဖြစ်ပြီး ကလေးကို ခေါ်ဆောင်သွားချိန်မှာ မိခင်ဖြစ်သူက ဆိုင်ကယ်နဲ့နောက်က လိုက်ခဲ့ပေမယ့် မမှီတော့ကြောင်း သူက ဆက်ပြောပါတယ်။
၅ နှစ် ကလေးနဲ့ ၎င်းကိုခေါ်ဆောင်သွားသူတွေကို မိဘတွေနဲ့ ရပ်ကွက်နေသူတွေက ဝိုင်းဝန်းရှာဖွေနေကြပေမယ့် ဒီကနေ့ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
မုံရွာမြို့မှာ ပစ္စည်းလုယက်တာ၊ စီးပွာရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးချမ်းသာသူတွေ ဖမ်းဆီးပြန်ပေးဆွဲငွေတောင်းခံရတာတွေ မကြာခဏဖြစ်ပွားနေပြီး ငွေမပေးနိုင်ပါကအသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရတာတွေရင်ဆိုင်နေရပေမယ့် အခုလို ကလေးငယ်ကို လုယက်ဖမ်းဆီးတာဟာ ပထမဦးဆုံးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စာတည်း – ဟိန်းစံ