ပွင့်ဖြူ၊ ဇွန် ၁၄၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံကျေးရွာနဲ့ ကျောက်ပုံကျေးရွာတွေက စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ဒေသခံ ၆ ဦးထဲက ၂ ဦးစစ်မှုထမ်းပို့ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇွန် ၁၀ ရက်မှာ ကျောက်ပုံရွာက အသက် ၂၃ နှစ်အရွယ် ကိုဝင်းနိုင်ဦး၊ ဇွန် ၁၁ ရက်မှာ ကျွဲခြံကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ကိုဇင်မျိုးအောင်၊ ၄၆ နှစ်အရွယ် ကိုခင်မောင်သိန်း၊ ၄၃ အရွယ် မဥမ္မာဝင်း၊ ၃၁ နှစ်အရွယ် ဌေးနိုင်ဝင်း၊ ၁၅ နှစ်အရွယ် ဟိန်းသူရနိုင်တို့ကို နေအိမ်တွေကနေ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။
“ပွင့်ဖြူနယ်ထဲမှာ ဒီဇွန်လအတွင်းမှာ ဖမ်းဆီးမှုတွေတောက်လျှောက်လုပ်လာတယ်။ အခုနောက်ပိုင်းက အမျိုးသား အသက်ငယ်သူဆိုရင် စစ်မှုထမ်းဖို့၊ အမျိုးသမီးတွေကိုတော့ မသင်္ကာလို့ ဖမ်းဆီးပေမယ့် ငွေနဲ့ ပြန်ရွေးခိုင်းတာမျိုးလိုက်ရတယ်။ ငွေကြေးယူပြန်လွတ်တာမျိုးပါ”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို မဲဇလီရဲစခန်းမှာဖမ်းဆီးထားပြီး ဇွန် ၁၂ ရက်မှာတော့ ကိုဇင်မျိုးအောင်နဲ့ ကိုဝင်းနိုင်ဦးတို့ ၂ ဦးကို မိတ္ထီလာအခြေစိုက် တမခ ၉၉ ကို စစ်မှုထမ်းအဖြစ်ပို့ဆောင်ခံလိုက်ရတယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။
ကျန်တဲ့ဖမ်းဆီးခံထားရသူ ၄ ဦးကတော့ ဇွန် ၁၄ ရက်အထိပြန်မလွတ်လာသေးဘဲ မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။
ယခုဖမ်းဆီးခံရသူတွေဟာ ဒေသကာကွယ်ရေးအင်အားစုတွေနဲ့ပတ်သက်သူတွေမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ကနီကျေးရွာလမ်းထိပ်ရှိ ထန်းရည်ဆိုင်မှာရှိနေတဲ့ လူငယ် ၆ ဦးကို စစ်မှုထမ်းဖို့ဆိုက ပျူစောထီးအဖွဲ့ကဖမ်းဆီးသွားသေးတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စာတည်း – လင်း