ခင်ဦး၊ ဩဂုတ် ၁၀၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ ပြည်သူ့ဆေးရုံအရှေ့ရှိ စစ်ဆေးရေးဂိတ်က စစ်ကောင်စီ တပ်သားတွေက အမျိုးသားတဦးကို အကြောင်းမဲ့ ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ရိုက်နှက်သတ်ဖြတ်ခံကသူမှာ မြကန်သာအနောက်ပိုင်းနေ အသက် ၅၀ အရွယ် ဦးကောင်းညွန့်ဆိုသူဖြစ်ပြီး၊ ဩဂုတ်လ ၉ ရက်နေ့ မနေ့ညနေ ၄ နာရီခန့်က စစ်ဆေးရေးဂိတ်အရှေ့ကနေဖြတ်ပြီး နေအိမ်သို့ပြန်စဉ် စစ်ကောင်စီတပ်သားတွေက ခေါ်ယူဖမ်းဆီးစစ်ဆေးကာ နှိပ်စက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းသွားနေတဲ့ဟာ ခေါ်ပြီးတော့ စစ်မေးတယ်။ သူတို့လိုချင်တာ မရတော့ နှိပ်စက်တယ်။ နှိပ်စက်တဲ့ အချိန်မှာလည်း ဓားတွေနဲ့ ထိုးထားတယ်။ နောက်မှ ပစ်သတ်ပြီး အလောင်းကို လမ်းပေါ်ပစ်ထားလိုက်တယ်”လို့ ခင်ဦးမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။
စစ်ကော်မရှင်အဖွဲ့သားတွေ နှိပ်စက်သတ်ဖြတ်ခံရတဲ့ ဦးကောင်းညွန့်အလောင်းကို လမ်းသွားလမ်းလာတွေကတွေ့လို့ မိသားစုကို အကြောင်းကြားရာမှ မိသားစုဝင်တွေကအလောင်းကို လာသယ်သွားတာလို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်သားတွေက ဦးကောင်းညွန့်ရဲ့ နထင်အပါအဝင် ခန္ဓာကိုယ်အနှံ့ ဓားနဲ့လှီး နှိပ်စက်ထားကာ၊ လည်ပင်းနဲ့ ပေါင်မှာလည်း ကျည်ဆံထိမှန်ထားတဲ့ ဒဏ်ရာတွေတွေ့ရပြီး၊ မျက်နှာ ဖူးယောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
အဆိုပါ ခင်ဦးမြို့ ပြည်သူဆေးရုံအရှေ့က စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် အမြဲတမ်းတပ်စွဲထားပြီး၊ ဖြတ်သန်းသွားလာတဲ့ဒေသခံတွေကို မကြာခဏ ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။


