◾️ မြေပြင်မှာ ဆက်လက်ဖွင့်နေတဲ့ ဆိုင်အချို့ရှိနေသေးဟုဆို
ပေါက်၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆။
မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံမှော်နယ်မြေတွေက KTV တွေ ပိတ်သိမ်းဖို့ ပခုက္ကူခရိုင်စစ်ဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပြီး မြေပြင်မှာ ဆက်လက်ဖွင့်နေတဲ့ ဆိုင်အချို့ရှိနေသေးတယ်လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ခရိုင်စစ်ဌာနက အဓိကပိတ်ခိုင်းရခြင်းမှာ အဲဒိ ရေနံမှော်နယ်မြေတွေအတွင်းမှာ KTV ဆိုင်ခန်းတွေဟာ တော်လှန်ရေးကာလအတွင်း တွင်တွင်၊ ကျယ်ကျယ် ဖွင့်လှစ်လာခဲ့သလို အဲ့ဒိ KTV ဆိုင်ခန်းတွေမှာ အရပ်သားပြည်သူတွေသာမက တော်လှန်ရေးသမားတွေကလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးမြူးထူးနေတဲ့အပြင် ရောင်းချခြင်းနဲ့ သယ်ဆောင်တဲ့အထိပါ ပြုလုပ်လာတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့အကျိုး၊ တော်လှန်ရေးအကျိုးကို မဆောင်တဲ့ အဆိုပါလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ နဲ့ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ခရိုင်စစ်ဌာနက အမိန့်ထုတ် သတိပေးထားတာဖြစ်ပြီး၊ စာထုတ်ပြီးနောက်ပိုင်း ဆိုင်အများစု ပိတ်သွားပေမယ့် ဆိုင်အချို့ကတော့ ဆက်လက်ဖွင့်လှစ် လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်း မပိတ်လို့က မရဘူး။ အများစုက ပိတ်ထားတယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း အချို့ကတော့ ရှိနေဆဲ။ ကျနော်တို့သွားနေကြ လမ်းကြောင်းပေါ်က ဆိုင်တွေတော့ ပိတ်ထားတာ တွေ့တယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
အရင်က မြို့နယ်အဆင့်တော်လှန်ရေးအဖွဲ့တွေက KTV ဆိုင်တွေ ပိတ်ဖို့ ညွန်ကြားချက်တွေ ထုတ်ခဲ့ပေမယ့် ရက်ပိုင်းလောက်သာပိတ်ပြီးနောက် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်တာမျိူးတွေရှိခဲ့ဖူးပြီး၊ မူးယစ်ဆေးဝါးတွေကို KTV ဆိုင်ရှင်တွေ ကိုယ်တိုင်ရောင်းချတာမျိုးရှိသလို ရေနံတွင်းလုပ်သားအချို့နဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေဆီကနေလည်း ရရှိတတ်တယ်လို့ ဆိုပါတယ်။
KTV တွေနဲ့ မူးယစ်ဆေးဝါးပေါများလာတာကြောင့် ရေနံတွင်းလုပ်သားတွေ၊ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေမှာ အိမ်တွင်းရေးပြဿနာတွေရှိလာပြီး လင်မယားကွဲကြတဲ့အထိ ဖြစ်ပေါ်တာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ရေနံမှော်တွေမှာ စစ်ဏာမသိမ်းခင်ကာလကတည်းက KTV ဆိုင်တွေရှိပေမယ့် အရေအတွက်နည်းပါးပြီး စစ်ဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်လောက်အတွင်းမှာ ရေနံမှော်တွေကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ပြီးနောက်ပိုင်း KTV ဆိုင်ပေါင်း ၁၀၀ ကျော်အထိရှိလာသလို WY၊ ဆေးခြောက်၊ ICE၊ Happy water ကဲ့သို့ မူးယစ်ဆေးဝါးတွေလည်း ရောင်းချသုံးစွဲသူတွေပေါများလာတယ်လို့ သိရပါတယ်။










