မုံရွာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ဇနီးဖြစ်သူကို မုံရွာပကဖ က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၅ ရက် မနက်ပိုင်းမှာ မုံရွာမြို့နယ်၊ တိုက်နယ် ၂၊ ပကဖ တိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ Titans Force – Monywa LPDF က စစ်ကော်မရှင် စိုးမိုးနယ်မြေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“ထွက်တဲ့အချိန် လမ်းက ဖြတ်ရှင်းခဲ့တာပါဗျ။ သူတို့နယ်နမိတ်အတွင်းမှာ ဝင်ရောက်ရှင်းလင်းရတာဆိုတော့ ကိုယ့်ဘက်က လက်ဦးမှုယူပြီး ရှင်းလင်းပြီး မြန်မြန် ပြန်ဆုတ်ရတာပါ။” လို့ မုံရွာမြို့နယ် ပကဖ က ဆိုပါတယ်။
စစ်ကော်မရှင်တပ် စိုးမိုးထားတဲ့ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီး၊ အကျဉ်းသားမရှိသေးတဲ့ ဆောက်လက်စ အကျဉ်းထောင်အနီးမှာ ဒုရဲအုပ်ထွန်းကိုကို ဦးဆောင်တဲ့ ရဲနဲ့စစ်သားတွေက ဂိတ် ၃ ခု ဖွင့်ထားတာလို့ သိရပါတယ်။
အဆိုပါ ဂိတ်အနီးမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်သားတွေက အနီးအနားကျေးရွာတွေက လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်းသား၊ နွားကျောင်းသွားတွေကိုပါ ဖမ်းဆီး ငွေညှစ်လေ့ရှိပြီး ဒုရဲအုပ်ထွန်းကိုကိုက ခေါင်းဆောင်ဖြစ်တယ်လို့ မုံရွာပကဖ က ဆိုပါတယ်။
“အဲဒီ ရွာမှာက သူတို့ကြီးစိုးထားတာပါဗျ။ ရွာသူရွာသားတွေက အပြင်ထွက်ဖို့ကို မလွယ်တဲ့ ကိစ္စတွေရှိပါတယ်။ နစ်နာသူတွေရှိပေမယ့် ရှေ့ထွက်ဖို့မလွယ်တဲ့အခြေအနေပါဗျ။ အကျဉ်းထောင်မှာ ဂိတ် ၃ ဂိတ်ရှိပြီး အဲ့ထဲမှာ ရဲရော စစ်ရော စခန်းချနေတာပါဗျ။ အခုလူက ဂိတ် ၃ ဂိတ်ထဲက ၁ ဂိတ်ရဲ့ခေါင်းပေါင်း(ခေါင်းဆောင်)ပါဗျ။” လို့ မုံရွာ ပကဖအဖွဲ့က ပြောပါတယ်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုအပြီးမှာ Titans Force – Monywa LPDF က ပစ္စတိုသေနတ် ၁ လက်နဲ့ စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး အမျိုးသားရော အမျိုးသမီးပါ နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒုရဲအုပ်ဦးဆောင်ကျူးလွန်ခဲ့တဲ့ မရားမှုတွေကို ဇနီးဖြစ်သူကပါ ကြံရာပါအနေနဲ့ ပူးပေါင်းခဲ့တာတွေ ရှိတယ်လို့ မုံရွာပကဖ ရဲ့ ဖြေကြားချက်အရ သိရှိရပြီး၊ ဇနီးဖြစ်သူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။