မုံရွာ၊ ဇွန် ၅၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အထက ၁ ကျောင်းအနီး စစ်ကောင်စီတပ်သား ၂ ဦးကို ပစ်ခတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် ၁၀ ခုထက်မနည်းမှာ ဖော်ပြထားကြပေမယ့် ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေ လုံခြုံစွာရှိနေတယ်လို့ The Phoenix Army – TPA ထံက သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့သူတွေလို့ဆိုကာ အသက် ၁၆ နှစ်အရွယ် ဇော်ကျော်ငြိမ်းထွန်း (ခ) ပေါက်ခေါ ဇလုပ်အနောက်ရွာနေသူနဲ့ သော်ဇင်ထက် (ခ) သော်သော် ရွှေဇလုပ်ရပ်ကွက်နေသူတို့ကို ၂ ရက်အတွင်း ဖမ်းမိခဲ့တယ်ဆိုပြီး ဇွန်လ ၄ ရက်က စတင်ဖော်ပြနေကြတာပါ။
” မုံရွာမြို့ပေါ်ပြုလုပ်ခဲ့တဲ့ မစ်ရှင်မှာ ရဲဘော် ၅ ယောက်ထဲက ၂ ယောက်မိတယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်နေတယ်။ တကယ်လုပ်ခဲ့တာက ၄ ယောက်တည်းပါ။ မစ်ရှင်လုပ်ပြီး နာရီဝက်လောက်ကတည်းက လွတ်မြောက်နယ်မြေကိုရောက်ခဲ့ပါတယ်။ မိတဲ့သူတွေဆိုတာကလည်း ဘယ်ကညီကိုတွေမှန်းမသိဘူး။ ကျနော်တို့နဲ့ မစ်ရှင်တူတူလုပ်ခဲ့တဲ့ရဲဘော်တွေက ကျနော်နဲ့အတူတူ ဘေးကင်းလုံခြုံစိတ်ချရတဲ့နေရာမှာ ရှိနေပါတယ်”လို့ The Phoenix Army – TPA တာဝန်ခံ ရဲဘော်ရောင်နီက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီတယ်လီဂရမ်တွေမှာ ဖော်ပြနေတဲ့ လူငယ် ၂ ဦးဟာ စစ်ကောင်စီတပ်သားတွေဘက်က မတရားဖမ်းဆီးထားပြီး ရိုက်နှက်မှုဒဏ်ကိုမခံနိုင်လို့ မဟုတ်ဘဲနဲ့ဝန်ခံထားရတဲ့ အရပ်သားပြည်သူတွေ ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အချုပ်ကားတွေနဲ့ ရောက်လာပြီး အခင်းဖြစ်နေရာ အနီးအနားနေအိမ်တွေနဲ့လမ်းတွေပေါ်က ပြည်သူ ၇၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဇွန်လ ၃ ရက်မှာ ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ ရပ်ကွက်နေ ပြည်သူတွေထံက သိရပါတယ်။
အဆိုပါ လူငယ် ၂ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ အရပ်သား ၇၀ ဦးထဲက ဖြစ်နိုင်ကြောင်းလည်း TPA တာဝန်ခံက ပြောပါတယ်။
ဇွန်လ ၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့၊ အထက ၁ ကျောင်းအနီး လမ်းသွားလမ်းလာကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို The Phoenix Army – TPA၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ MYF၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း၊ တပ်ခွဲ ၅ WMWအဖွဲ့ဝင်တွေက ပစ်ခတ်လို့ ၂ ဦးစလုံးနေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M