ထန်းတပင်၊ ဇွန် ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်းမှာ တရက်တည်းနေရာ ၄ ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိတယ်လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
ဇွန် ၁၅ ရက် မနက် ၈ နာရီခန့်မှာ မြို့စိုးကျေးရွာထဲရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ခန့်ဟာ စစ်ကြောင်း ၄ ကြောင်းခွဲပြီးထွက်ခွာလာရာ မြို့စိုးကျေးရွာနဲ့ ၂ မိုင်ပတ်လည်အတွင်းမှာရှိတဲ့ ကင်မွန်းခြုံနဲ့ ဂျက်ကလေးလမ်းပိုင်း၊ ဇီးကုန်းကျေးရွာနဲ့ တောင်ကုန်းကျေးရွာတွေအနီးမှာ နေ့လယ် ၁၂ နာရီ အထိ တပြိုင်နက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
” သူတို့က မြို့စိုးရွာကနေထွက်ရင် တိုက်ပွဲဖြစ်တဲ့ ၄ နေရာကိုသွားလို့ရတယ်။ ကျနော်တို့နေရာယူထားတဲ့အဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်တာ။ ကျနော်တို့ဘက်က ဒရုန်းကြဲတာလည်းပါတယ်”လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်း ကင်မွန်းခြုံနဲ့ဗျက်ကလေးရွာကြားက စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဗုံးထိမှန်လို့ ၆ ဦးသေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ၂ ဦးသေဆုံးခဲ့ကြောင်း၊ မြို့စိုးကျေးရွာအတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုတွေကို ဒရုန်းကင်းထောက်ကင်မရာက တဆင့် တွေ့မြင်ခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့သေဆုံးမှုတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တောင်ငူခရိုင် ၃၅၀၂ တပ်ရင်းက ၂ ဦး၊ တောင်ငူပကဖတပ်ဖွဲ့က ၃ ဦး၊ အခြားပူးပေါင်းအဖွဲ့တခုက ၁ ဦး စုစု ပေါင်း ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့စိုးကျေးရွာထဲပြန်ဝင်သွားပြီး ဇွန် ၁၇ ရက် ဒီကနေ့အထိကျေးရွာအတွင်း တပ်စွဲထားကာ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေပေမယ့် လက်ရှိမှာ တိုက်ပွဲထပ်မဖြစ်ဘဲ စစ်ဆိုင်ထားတဲ့အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၂ ရက်မနက်ပိုင်းမှာ ဇရပ်ကြီး ခလရ ၇၃၊ ကျွဲပွဲနဲ့ အုတ်တွင်းအခြေစိုက် စစ်ကောင်စီပူးပေါင်းအင်အား ၁၂၀ ခန့်ဟာ မြို့စိုးကျေးရွာကို ကျွဲပွဲနဲ့ထန်းတပင်မြို့တွေကနေစစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်လာချိန် မြို့စိုးတံတားနဲ့ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
ဇွန် ၁၂ ရက် တိုက်ပွဲတွေစတင်ဖြစ်ပွားစဥ်ကတည်းက ထွက်ပြေးနေရတဲ့ ကိုးတိုင်၊ ပွဲသာ၊ ဂွေးပင်ရိုး၊ အရှေ့ကုန်း၊ ဇီးဖြူသောင်၊ ဘုရားကုန်း၊ အောက်တင်းကုတ်၊ ခုံစု၊ မြို့စိုးကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ဟာ ဇွန် ၁၇ ရက်ဒီကနေ့အထိ နေရပ်မပြန်နိုင်ကြရသေးဘူးလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ