ဆားလင်းကြီး၊ ဇူလိုင် ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ပြည်သူ့အခြေပြုကျောင်းတစ်ခုအတွက် စာသင်ဆောင် ၁ ဆောင် ဆောက်လုပ်ပေးခဲ့တယ်လို့ The Rebel Riot Band အဖွဲ့ဆီက သိရပါတယ်။
စာသင်ဆောင်ကို ထန်းလက်မိုး၊ ဝါး၊ သစ်တွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး ကာလတန်ဖိုး ၁၉ သိန်းကျပ်ဝန်းကျင်ကုန်ကျကာ ဇူလိုင်လအတွင်းမှာ ဆောက်လုပ်ပြီးစီးခဲ့တာလို့ ဆိုပါတယ်။



“ စစ်ကောင်စီနဲ့ ဖက်ဆစ်ယန္တရားတွေကို ဖျက်ဆီးပစ်ဖို့လိုတယ်၊ အဲဒါနဲ့တင်ပြီးမသွားဘူး၊ နောက်ထပ် တစ်ခုဖြစ်တဲ့ ကျနော်တို့ချစ်တဲ့အရာတွေအတွက်လည်း ပြန်လည်တည်ဆောက်ရမယ်ဗျ၊ အဲဒီနှစ်ခုက တ ပြိုင်တည်းလုပ်ရမှာ၊ ကိုယ်မုန်းတဲ့အရာတွေ ကိုယ်လက်မခံတဲ့အရာတွေကို ဖျက်ဆီးပစ်ရုံနဲ့ တော်လှန်ရေးက ၅၀ ရာခိုင်နှုန်းလောက် ပြီးသွားတယ်ဆိုပေမယ့် တဖက်ကလည်း ကိုယ်ချစ်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်း၊ လှပတဲ့အရာတွေကိုလည်း မေ့လို့မရဘူး” လို့ Rebel Riot Band အဖွဲ့ဝင် ကိုကျော်ကျော်က မြေလတ်အသံကို ပြောပါတယ်။



စစ်ကောင်စီတပ်က လေကြောင်းကနေစာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် စာသင်ကျောင်းတွေမှာ စာမသင်ကြားနိုင်တော့ဘဲ ပညာရေးအတွက် အခုလိုယာယီစာသင်ဆောင်တွေ ဆောက်လုပ် စာသင်ကြားနေရကာ ထပ်မံလည်း လိုအပ်နေသေးတယ်လို့ စာသင်ဆောင်တွေအတွက် ချိတ်ဆက်ကူညီပေးနေတဲ့ မချောစုဟန်က ပြောပါတယ်။



“အခုနောက်ပိုင်းမှာ စာသင်ဆောင်တွေက လိုအပ်တယ်လေ၊ စစ်ကောင်စီက ကျောင်းတွေကို ဦးတည်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စာသင်ဆောင်တွေမှာ စာသင်ဖို့ဆိုတာ အတော်လေးခက်ခဲနေပြီ၊ ကျနော်တို့ လက်တလောယာယီစာသင်ဆောင်တွေ လိုအပ်တယ်” လို့ သူက ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့အခြေပြုစာသင်ကျောင်းပေါင်း ၅၈၂ ကျောင်း၊ ကျောင်းသားဦးရေ ၉၀,၄၆၂ ဦး ရှိတယ်လို့ ယင်းမာပင်ခရိုင် ပညာရေးဘုတ်အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။


The Rebel Riot band အဖွဲ့ဟာ ၂၀၁၃ ကစတင်ကာ မင်းမဲ့ဝါဒီလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပန့်ခ်ဂီတအဖွဲ့တခုဖြစ်ပြီး Food Not Bombs – Myanmar အမည်နဲ့ ရန်ကုန်အပါ အဝင် နိုင်ငံတဝှမ်းက အစားအသောက်ခက်ခဲတဲ့ ပြည်သူတွေကို အစာရေစာမျှဝေတာ၊ Books Not Bombs၊ Free Shop စတဲ့ လှုပ်ရှားမှုတွေကို စစ်တပ်အာဏာမသိမ်းမီကတည်းက လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။


“ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း မျက်ခြေမပြတ် စောင့်ကြည့်နေတယ်၊ နိုင်ငံရေး၊ စစ်ရေးနဲ့ ဒုက္ခသည်အရေးတွေပေါ့၊ ကြုံရင် ကြုံသလိုတော့ ကိုယ်ယုံရတဲ့လူတွေ၊ ဗကသကျောင်းသားတွေ အဲ့လိုမျိုးတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီဖက်ကနေ တတ်နိုင်သလောက်လေးတော့ လုပ်နေတယ်” လို့ ကိုကျော်ကျော်က ပြောပါတယ်။
စာတည်း – ဟိန်းစံ