ဝက်လက်၊ ဇွန် ၁၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားတိုက်နယ်ပကဖအဖွဲ့ရဲ့ ဂိတ်ကြေးငွေကောက်ခံမှုအပေါ် ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရှိန်မကားတိုက်နယ်၊ မင်းကုန်းလေးကျေးရွာအနီးမှာ ဝက်လက်ဒေသခံ ၃၀၀ ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိအခွန်ကောက်ခံနှုန်းဟာ များပြားနေတာကြောင့် လျှော့ချကောက်ခံပေးဖို့ အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျနော်တို့မနေ့ကဆန္ဒပြတော့ သူတို့ရောက်လာတယ်၊ သူတို့က ဆီ ၁ ပေပါကိုသယ်လို့ရှိရင် ၁၅,၀၀၀ ကျပ်နှုန်းကောက်တယ်၊ ကျနော်တို့ ပြည်သူတွေအနေနဲ့ကလည်း ကျန်တဲ့ကျေးရွာလမ်းတွေဖြတ်တဲ့အခါမှာ အလှူငွေထည့်ခဲ့ရသေးတယ်၊ သူတို့ကဘာမှမလုပ်ပဲနဲ့ ဆီ ၁ ပေပါကို ၁၅,၀၀၀ ကျပ်နှုန်း၊ ၁၀ ပေပါ ပါလို့ရှိရင် ၁ သိန်းခွဲနှုန်းဖြစ်သွားတော့ ကျနော်တို့အနေနဲ့က သိပ်အဆင်မပြေဘူး၊ နိုင်ငံရေးကာလ မငြိမ်မသက်တဲ့အထဲမှာ အခွန်စီးဆင်းမှုက နည်းနည်းလေးများနေတော့ ကျပ်တည်းမှုတွေဖြစ်လာတယ် “ လို့ ဆန္ဒပြမှုမှာပါဝင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဂိတ်ဖွင့်အခွန်အများအပြားကောက်ခံနေပေမယ့် အခွန်ရရှိငွေနဲ့ ဒေသဖွံ့ဖြိုးမှုအတွက် ပြန်လည်လုပ်ဆောင်ပေးတာနည်းပါးကြောင်း ဆန္ဒပြသူတွေက ပြောဆိုထားကာ လက်ရှိဆန္ဒပြမှုတွေအပေါ် ဝက်လက်မြို့နယ်အဆင့် ပသုံးလုံးအဖွဲ့ဝင်တွေလာရောက်ဖြေရှင်းပေးနေပေမယ့် တိကျတဲ့အဖြေမထွက်သေးဘူးလို့ ဆိုပါတယ်။
ဒေသခံတွေ ဆန္ဒပြနေမှုနဲ့ပတ်သက်ပြီး ရှိန်းမကားတိုက်နယ်ပကဖခေါင်းဆောင် ဗိုလ်ရိုင်က ဝက်လက်မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်းတွေမှာ ဗိုလ်ရိုင်အဖွဲ့၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ ဝက်လက်အခွန်တာဝန်ခံ ၁ ဦးမိုးကျော်တို့က NUG သတ်မှတ်နှုန်းထားများအတိုင်းသာ မြို့နယ်ပအဖထုတ်ပေးတဲ့ပြေစာနဲ့ အခွန်ကောက်ခံတာဖြစ်တယ်လို့ ပြောပါတယ်။
“ ကျနော်တို့ပြောချင်တာက တနိုင်ငံလုံးအတိုင်းအတာနဲ့မကျေနပ်တာဆိုရင် ဝန်ကြီးဌာနအနေနဲ့ နှုန်းထားကိုပြင်လို့ရတယ်၊ အခုဟာက ဝက်လက်မြို့နယ်၊ ပေါက်ကံတိုက်နယ်၊ ညောင်ပင်ကြီးတော တရွာတည်းက ဆန္ဒပြတာ၊ ဒါက ကျနော်တို့က လုပ်ပေးလို့ရတဲ့အနေအထား မဟုတ်ဘူး” လို့ ဗိုလ်ရိုင်က ပြောပါတယ်။
ကောက်ခံရရှိတဲ့ အခွန်ငွေတွေအပေါ် ဖြန့်ခွဲသုံးစွဲမှုအခြေအနေတွေကိုလည်း ဗိုလ်ရိုင်က အခုလို ရှင်းပြပါတယ်။
“ ငွေကြေး ၁၀၀ ကောက်လို့ရှိရင် ၄၀ ရာခိုင်နှုန်း ကျနော်တို့ ရတယ်၊ ကျန်တဲ့ဖြတ်သွားဖြတ်လာမြို့နယ်တွေကို ၂၀ ရာခိုင်နှုန်းခွဲပေးရတယ်၊ ကျနော်တို့ရတဲ့ ၄၀ ရာခိုင်နှုန်းထဲကမှ တပ်ရင်းအသုံးစရိတ် ပကဖ အသုံးစရိတ်၊ ပအဖ အသုံးစရိတ် လူသားစာနာအသုံးစရိတ် ပလဖအသုံးစရိတ် ဆိုပြီး ၁၀ ရာခိုင်နှုန်း ပြန်ခွဲပေးရတာ”
“ဘယ်မှမရောက်ဖူးဆိုရင် ကျနော်တို့ ဝက်လက်မြို့နယ်က မီးလောင်ခံရတဲ့မြို့နယ်ပါ၊ တော်လှန်ရေးမှာ ပထမဦးဆုံးလုပ်တာ ဝက်လက်မြို့ပါ၊ မီးလောင်ခံရတဲ့အိမ်တွေ ပြန်လည်တည်ဆောက်ဖို့ ကျနော်တို့ဘက်က မျှောတိုင်တွေပေးတယ်၊ ဝါးတွေပေးတယ်၊ ထန်းရွက်တွေပေးတယ်၊ ထန်းသားတွေပေးတယ်၊ ထောက်ပံ့ကြေးတွေပေးတယ်၊ ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကို ထောက်ပံ့ကြေးတွေပေးတယ်၊ ကျနော်တို့ ဒီအခွန်ငွေတွေနဲ့ပေးတာ၊ ဘာမှမစီးဆင်းဘူးဆိုတာက ကျနော်တို့လုပ်ရပ်တွေကို မမြင်တာလား၊ မသိတာလား” လို့ ၎င်းက ပြောပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP