ဖမ်းခံရသူတွေက Non CDM နဲ့မိသားစုတွေလို့ စစ်ကောင်စီတယ်လီဂရမ်တွေမှာဖော်ပြ
မြေလတ်အသံ၊ မေ ၂၉၊ ၂၀၂၅။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ရွာအနီး မုန်းချောင်းစက်လှေဆိပ်မှာ လူ ၈ ဦးကို လက်နက်ကိုင်ဆောင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပျူစောထီးအားကောင်းတဲ့လက်ပံကျင်းကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦးဖြစ်ပြီး အထက်ပါကျေးရွာစက်လှေဆိပ်ကနေ စေတုတ္တရာမြို့ကို သွားရောက်ဖို့ စက်လှေစောင့်ဆိုင်းနေစဥ် မေ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
“ လက်ပံကျင်းကျေးရွာကမို့လို့ကို ဖမ်းထားတဲ့သဘောပါ ” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ စေတုတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်ပံကျင်းရွာဟာ စေတုတ္တရာမြို့နယ်တွင်း ပျူစောထီးအားအကောင်းဆုံးရွာတခုဖြစ်ပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်အင်အား ၅၀ ခန့်အပါ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ကျော်ဝန်းကျင် အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
“ လက်ပံကျင်းဆိုရင် ပျူပေါ့၊ လုံးကြီးရွာကို မီးရှို့တာတွေ၊ တခြားရွာတွေကကျွဲတွေ၊ နွားတွေသတ်တာတွေကစ နာမည်ကြီးပါတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။
လက်ပံကျင်းရွာဟာ ပျူစောထီးအားကောင်းတဲ့ရွာဖြစ်တဲ့အလျောက် အနီးနားကျေးရွာတွေက ဒေသခံအမျိုးသားတွေကို ပျူစောထီးတပ်ဖွဲ့ဝင်တွေအဖြစ် စစ်သင်တန်းပေးနေပြီး ၎င်းရွာနဲ့အနီးတဝိုက်ရှိ လုံးကြီးရွာ၊ ဘူးရွာတွေကို မကြာခဏမီးရှို့တာ ကျေးရွာတွင်းတိရစ္ဆာန်တွေနဲ့ပစ္စည်းတွေကို ယူဆောင်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးတယ်လီဂရမ်ချန်နယ် News Of Myanmar မှာ ဖမ်းဆီးခံရသူတွေဟာ စေတုတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ပညာရေးဝန်ထမ်းတွေနဲ့မိသားစုဝင်တွေဖြစ်ပြီး PDF တပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
“ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေသူများဖြစ်ကြသည့် ရေသောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဖြိုးဝေမြင့် (၃၀) နှစ်နှင့်တောင်ဟန်ဒေါက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဖြစ်သူ ဒေါ်ချိုသဇင်ဦး (၂၆) နှစ်တို့ ၂ ဦးသည် စေတုတ္တရာမြို့နယ်ပညာရေးမှူးရုံးသို့ လည်းကောင်း၊ မကွေးပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား ဇော်ဇော်အောင် (၂၀) နှစ်၊ တတိယနှစ်ကျောင်းသူ မနွေးနွေးလှိုင် (၂၁) နှစ်နှင့် မခင်မိုးဝေ (၂၀) နှစ်၊ ပခုက္ကူပညာရေးကောလိပ်မှ ဒုတိယနှစ်ကျောင်းသူ မခင်စုစုလှိုင် (၂၀) နှစ်၊ မခင်မိုးဝေ၏ဖခင် ဦးလှမိုး (၄၈) နှစ်၊ မနွေးနွေးလှိုင်၏ဖခင် ဦးသန်းထွန်း (၅၆) နှစ်တို့ ၆ ဦးသည် ၎င်းတို့သက်ဆိုင်ရာ ပညာရေးကောလိပ်များသို့လည်းကောင်း၊ ဒေါ်ပပဝင်း (၂၉) နှစ်သည် ရန်ကုန်မြို့သို့လည်းကောင်း အသီးသီးသွားရောက်ရန် ပွင့်တောက်ကျေးရွာရှိ စက်လှေဆိပ်ကမ်း၌ စက်လှေအား စောင့်ဆိုင်းနေစဉ် PDF အကြမ်းဖက်သမားများ ရောက်လာပြီး ၎င်းတို့ ၉ ဦးအား ပွင့်တောက်ကျေးရွာ၏မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ မကြီးကျေးရွာဘက်သို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရသည်” လို့ News Of Myanmar က ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘဲ အဆိုပါဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဒေသတွင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမတွေ့ရသေးသလို မေးမြန်းနိုင်ဖို့ ဆက်သွယ်ပေးမယ့် အဆက်အသွယ်မရသေးပါဘူး။
စာတည်း – ဟိန်းစံ