စေတုတ္တရာမြို့ကစစ်ရှောင်တွေ ငှက်ဖျား၊ ၀မ်းနဲ့ အရေပြားရောဂါအတွက် ဆေးဝါးအရေးပေါ်လိုအပ်နေ (ရုပ်/သံ)

0 6
0 6

စေတုတ္ထရာ၊ မေ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ၁၈ ရွာက စစ်ရှောင်တွေမှာ ငှက်ဖျားရောဂါ၊ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေခံစားနေရပြီး ဆေးဝါးမလုံလောက်တဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စေတုတ္တရာမြောက်ပိုင်းရှိ လုံးစွန်ရွာ၊ မန်ကျည်းရွာ၊ ဇီးဖြူကုန်းရွာအပါအဝင် ကျေးရွာ ၁၈ ရွာခန့်က ပြည်သူ ၃,၀၀၀ ခန့်ဟာ စစ်ကောင်စီနဲ့ကင်းလွတ်တဲ့ တောတိုက်တွေ ယာခင်းတွေထဲကိုသွားရောက်စစ်ရှောင်နေကြတာပါ။

အဆိုပါ စစ်ရှောင်တွေကိုနီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ထားပေမယ့် စောင်၊ ခြင်ထောင်မရှိတာ၊ သောက်သုံးရေမသန့်တာနဲ့ ယင်လုံအိမ်သာမရှိတာတွေကြောင့် ငှက်ဖျားရောဂါခံစားရသူ ၈ ဦး၊ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရသူ ၂၀၀ ဦးနဲ့ အရေပြားရောဂါခံစားရသူ ၁၀၀ ကျော်အထိရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မင်းဘူး ခရိုင်တပ်ရင်း(၃)ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆေးဝါးဝယ်ယူရာမှာလည်း စျေးနှုန်းမြင့်တက်နေပြီး အခုချိန်ဟာမိုးရာသီဖြစ်တဲ့အတွက်လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြို့ပေါ်ကဝယ်ယူဖို့အခက်အခဲတွေရှိတယ်လို့လည်းသူကဆက်ပြောပါတယ်။

ဒါ့အပြင် သောက်ရေနဲ့သုံးရေကို စစ်ရှောင်စခန်း အနီးရှိ ချောင်းရေကို သုံးစွဲနေရပြီး အပေါ့အပါးသွားရာမှာလည်း တောတောင်တွေအတွင်းမှာပဲဖြစ်သလိုသွားကြရတယ်လို့ဆိုပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း မှာ ဧပြီ ၂၆ ရက်နဲ့မေ ၁၈ ရက်တို့မှာ လုံးစွန်ရွာ၊ ဇီးဖြူကုန်းရွာနဲ့မန်ကျည်းရွာတို့ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေစစ်ဘေးရှောင်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေဟာ တမြို့လုံးအတိုင်းအတာအနေနဲ့ ၁ သောင်းကျော်ခန့်ရှိလာပြီလို့လည်း သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။