စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ ဒေသခံ ၄ ဦး တပတ်ကြာပြန်မလွတ်သေး

0 29
0 29

စစ်ကြောင်းကြောင်း ဒေသခံ ၁,၅၀၀ စစ်ရှောင်နေရ

စေတုတ္တရာ၊ ဇူလိုင် ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးသွားတဲ့ ဒေသခံ ၄ ဦး တပတ်ကြာ ဇူလိုင် ၂၂ ရက် ဒီကနေ့အထိပြန်မလွတ်သေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖမ်းခံထားရသူတွေဟာ ခဲပစ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် ဒေါ်မြင့်ရီ၊ ၄၅ နှစ်အရွယ် ဦးခင်မောင်အေး၊ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးနဲ့ ဆင်းလူးရွာကနေ ထွက်ပြေးပြီး ကျောက်ပုံရွာမှာ နေထိုင်နေသူ အသက် ၃၈ နှစ်အရွယ် ဦးပြုံးချိုဆိုသူတို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ခဲပစ်ရွာ ကိုစပြီးဝင်တယ်။ အဲ့ဒီမှာ တွေ့တဲ့ အရပ်သားပြည်သူတွေကိုသေနတ်တွေနဲ့ ထောက်ဒူး ထောက်ခိုင်းပြီး တခါတည်းတန်းဖမ်းတယ်။ နေအိမ်တွေကိုလည်းဖောက်ထွင်းတယ်။ စားစရာ၊ သောက်စရာယူတယ်။ ‌ရွှေငွေတွေယူတယ်။ ထိုင်းသွားဖို့ချေးဌားထားတဲ့ပိုက်ဆံတွေကအစ ယူတာ။ ကျောက်ပုံရွာမှာနေတဲ့ ဆင်းလူးရွာကပြေးလာသူပါသွားတယ်။”လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုအညာသားကပြောပါတယ်။

စလင်းမြို့ဘက်ကလာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းက ဇူလိုင် ၁၆ ရက်ညနေပိုင်းမှာ ခဲပစ်ရွာကိုဝင်စီးပြီး အသက် ၁၈ နှစ်အောက် လူငယ် ၄ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၁၃ ဦးနဲ့ ကျောက်ပုံရွာက အမျိုးသား ၁ ဦးကိုဖမ်းဆီးခဲ့တာပါ။

အဲ့ဒီနောက် ၁၆ ဦးကိုနေ့ချင်းပြန်လွှတ်ကာ ၈ ဦးကို ဇူလိုင် ၂၁ ရက်မှာ ပြန်လွှတ်ပြီး အထက်ပါ ၄ ဦးကိုတော့ ဒီကနေ့အထိမလွှတ်သေးတာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်လို့ ခဲပစ်နဲ့ ကျောက်ပုံရွာတို့က ဒေသခံ ၁.၅၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇူလိုင် ၂၂ ရက်ထိ နေအိမ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

စစ်ကြောင်းဝင်ရောက်ချိန် ခဲပစ်ရွာက နေအိမ် ၁၀ လုံးကျော်နဲ့ ကျောက်ပုံရွာက စာသင်ကျောင်း မွှေနှောက်ခံရပြီး ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ငွေကျပ်သိန်း ၇၀၊ ဘီယာ၊ အရက်၊ မုန့်တွေနဲ့ ရွှေထည်တွေကို ယူဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း စလင်းဘက်ကလာတဲ့စစ်ကြောင်းဟာ စေတုတ္တရာမြို့နယ် ကျောက်ပုံရွာနဲ့ညောင်တုန်းရွာကို စစ်ကြောင်းဝင်ပြီး လက်နက်ကြီးနဲ့ပစ်၊ နေအိမ်တွေကိုမီးရှို့လို့ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂၀ ခန့်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။