မြေလတ်အသံ၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်က စစ်ဘေးရှောင် သောင်းနဲ့ချီ အကူအညီတွေလိုအပ်လျှက်ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်ခဲ့တဲ့ မတ္တရာမြို့နယ်က ကျေးရွာ ၃၀ ကျော်၊ စဉ့်ကူးမြို့က ကျေးရွာ ၂၀ ကျော်၊ သပိတ်ကျင်းက ကျေးရွာ ၄၀ ကျော်တို့က ဒေသခံတွေဟာ အောက်တိုဘာလ ဒုတိယအပတ်ကစပြီး စစ်ရှောင်နေကြရတာလို့ ဆိုပါတယ်။



“စစ်ရှောင်ဦးရေက ဦးရေတောင်ပြောလို့ မနိုင်ဘူးထင်တာပဲ။ ဘာလို့လည်းဆိုတော့ မတ္တရာခွင်ကကျတော့ ရွာပေါင်းအကုန်လုံးလေ။ ခုကကျတော့ မတ္တရာမှာအရင်က ကိုယ်တွေတိုးထားတဲ့ ရွာပေါင်း ၃၀ ကျော်ပေါ့။ အဲ့ဟာတွေကလည်းအကုန်လုံး ပြန်ဆုတ်လိုက်ပြီ။ ပြီးရင် မတ္တရာ၊ စဉ့်ကူးအစပ်က ရွာတွေ၊ ပြီးရင် သပိတ်ကျင်းနယ်ထဲက ရွာတွေ။ ရွာပေါင်းကလည်းအများကြီးပဲ။ စုစုပေါင်း ရွာပေါင်း ၁၀၀ ကျော်လောက်ရှိမှာဘဲ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ဒေသခံအမျိုးသားတဦး ကပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ ၁ လကျော်ကြာ တောထဲ၊ ချောင်းကမ်းစပ်တွေနဲ့ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေလာရပြီဖြစ်တာကြောင့် စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ဆေးဝါးတွေလိုအပ်လျှက်ရှိနေကြတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – Min Khant Kyaw
“သူတို့(စစ်ရှောင်တွေ) အခက်အခဲ ဖြစ်နေကြတယ်။ အနွေးထည်၊ စောင်မလုံလောက်ကြဘူး။ သက်ကြီးရွယ်အိုတွေလည်း များကြတယ်။ တခုခုတော့ အကူအညီရစေချင်တယ်။ သူတို့က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ရေနဲ့နီးတဲ့ ချောင်းဘေးတွေမှာနေနေကြတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဆိုပါ သောင်းချီနဲ့စစ်ရှောင်ဦးရေတွေကို မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေက အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို နိုင်သလောက်ထောက်ပံ့ ပေးနေကြပေမယ့် လူဦးရေများလွန်းတာကြောင့် မလောက်ငှဘူး ဖြစ်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဓါတ်ပုံ – Min Khant Kyaw

ဓါတ်ပုံ – Min Khant Kyaw
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က နေရာတချို့တို့ကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ရာ PDF တပ်တွေ နောက်ဆုံးထိန်းချုပ်ထားတဲ့ မတ္တရာမှ ပတ်လည်အင်း ကျေးရွာကို နိုဝင်ဘာ ၂၄ ရက်က လက်လွှတ်ခဲ့လိုက်ရတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိမှာ စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေက ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်ကော်မရှင်စစ်ကြောင်းတွေရောက်ရှိနေတဲ့ မတ္တရာမြို့နယ်အစပ်ကျေးရွာတွေဟာ စဉ့်ကူးမြို့နယ်ရဲ့ တောင်ဘက်ကနေဝင်ရောက်နိုင်သလို စဉ့်ကူးမြို့နယ်အစပ်ဖြစ်တဲ့ ဖော့တောလမ်းဆုံကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၄ ရက်မှာ သိမ်းယူထားပါတယ်။
စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း


























