မြေလတ်အသံ၊ ဇန်နဝါရီ ၈၊ ၂၀၂၆။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကို သတင်းပေးလုပ်နေသူ အမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖထံက သိရပါတယ်။
အသတ်ခံရသူမှာ ညောင်ပင်သာမြို့၊ ဇေယျာသီရိ ၉ လမ်းမှာနေထိုင်တဲ့ ဦးထွန်းဝင်း ဖြစ်ပြီး ဖြူးမြို့အခြေစိုက် ခလရ ၅ တပ်ရင်းအနီး သီရိဝေ ဘီယာဆိုင်မှာ ဘီယာသောက်နေချိန် ဇန်နဝါရီ ၆ ရက် ညနေ ၃ နာရီကျော်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ထွန်းဝင်းက စကစအရာရှိတွေနဲ့ ပေါင်းပါတယ်။ လက်ပစ်ဗုံးရှိပါတယ်။ ပြည်သူတွေကို အိတ်ထဲမှာ သေနတ်ပါတယ်လို့ အမြဲခြိမ်းခြောက်နေသူပါ။ သူက အရာရှိတွေနဲ့ပေါင်းတော့ လူတိုင်းကြောက်နေရတာပါ။”လို့ ဖြူးမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဦးထွန်းဝင်း ဘီယာသောက်နေတဲ့ သီရိဝေဆိုင်ဟာ ခလရ ၅ တပ်ရင်းနဲ့ အမြန်လမ်းမကြီးပေါ်ရှိ စိမ့်ကြီးဂိတ် စစ်ကော်မရှင်စခန်းအကြားမှာရှိတာကြောင့် အမြန်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
ဦးထွန်းဝင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစတင်ပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေနဲ့ပူးပေါင်းကာ သစ်မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ရင်း ပဲခူးရိုးမရှိတော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းကာ သတင်းပေးလုပ်နေသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာလည်း ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်ရှိ စစ်စခန်းတွေနဲ့ မဲရုံထားရှိမယ့် အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။