စစ်ရေးတင်းမာနေလို့ လမ်းပိုင်း ၂ ခု အသုံးမပြုဖို့ သတိပေး
သိုက်ထွန်း၊ မြတ်
မုံရွာ၊ သြဂုတ် ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ ဩဂုတ် ၈ ရက်ကစတင်ကာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဆီကို BTR အပေါ့စား အမြောက်သံချပ်ကာ ၂ စီးနဲ့ လူအင်အားရာချီထပ်တိုးပို့ဆောင်ထားတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၁ ရက် မနေ့က မုံရွာစီးပွားရေးတက္ကသိုလ်ကနေ BTR သံချပ်ကာအမြောက်ကား ၂ စီးနဲ့ သံပြားကာကားတွေနဲ့တင်ဆောင်လာတဲ့ လူအင်အား ၁၀၀ ကျော်ကို ထပ်မံဖြည့်တင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျောက္ကာရွာ ရွှေဂူနီဘုရားနဲ့ ရွှေဂူဖြူဘုရားတွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
” စစ်တပ်က အင်အားများတယ်။ လက်နက်ကြီးထုလိုက်၊ လက်နက်ငယ်ပစ်လိုက်အသံတွေကြားရတယ်။ မုံရွာအထွက်ကနေ ကျောက္ကာထိ စစ်ကောင်စီက လှုပ်ရှားမှု ဆက်တိုက်လုပ်နေတယ်”လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
ဩဂုတ် ၈ ရက် ကစတင်ပြီး မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က အမြောက်ကား ၂ စီး အပါ အင်အားရာနဲ့ချီကာ စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲ့ဒီနေ့ညနေပိုင်းမှာပဲ ကျောက္ကာရွာကို ဝင်ရောက်မီးရှို့ခဲ့တာပါ။
ယမန်နေ့မှာ အင်အားထပ်မံဖြည့်တင်းထားပြီးနောက် မုံရွာ-အရာတော်လမ်းပိုင်းမှာ အမြောက်ကား ၄ စီး၊ လူအင်အား ၂၀၀ ကျော်အထိ အသုံးပြုကာ ဆက်လက်စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းစိုးမိုးမှုရယူချင်တာကြောင့်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
” လမ်းပိုင်းစိုးမိုးမှု ရချင်တာရော ကုန်စည်စီးဆင်းမှု ဖြတ်တောက်ချင်တာရောပါမယ်ဗျ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မုံရွာ-အရာတော်လမ်းပိုင်း စစ်ကြောင်းထိုးလာတာဟာ အရာတော်မြို့နယ်အတွင်းက ပျူစောထီးအထိုင်စခန်းရှိတဲ့ ကျေးရွာတွေနဲ့ အရာတော်မြို့အခြေစိုက် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)၊ အမှတ် ၅၀၀၄ သံချပ်ကာတပ်ရင်း နဲ့ အမှတ် ၃၆၉ အမြောက်တပ်ရင်းတွေကို ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းပို့ဆောင်လိုတာကြောင့်လို့လည်း ဒေသခံတွေက ခန့်မှန်းပါတယ်။
စစ်ကော်မရှင်တပ်က မုံရွာ-အရာတော်လမ်းဘေးကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် ဩဂုတ် ၁၀ ရက် ညပိုင်းနဲ့ ၁၁ ရက်တွေမှာ အရာတော်-မုံရွာအစပ်ရှိ အောင်သာကုန်းရွာကို ပါရာမော်တာတွေနဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ မုံရွာစီးပွားရေးတက္ကသိုလ်မှာတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်က ကိုင်းတောရွာအနောက်ဖက်ကို စစ်ကြောင်းတကြောင်းခွဲထိုးနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
ဒီစစ်ကြောင်းတွေနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် မုံရွာ-အရာတော်လမ်းပိုင်းနံဘေးရှိ ဇလုပ်၊ ကိုင်းတော၊ ရေကန်စု၊ ထနောင်းဝန်း၊ ရွာတုံ၊ ကျောက္ကာ စတဲ့ကျေးရွာတွေက ဒေသခံ ၇,၀၀၀ကျော် စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ မုံရွာကနေ အရာတော်အစပ်ကျေးရွာတွေအထိ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မုံရွာ-အရာတော်လမ်းပိုင်းနဲ့ ကျောက္ကာ-ဗောဓိတထောင်လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း သတိပေးထုတ်ပြန်ထားပါတယ်။
စာတည်း – ဟိန်းစံ