ဒဏ်ရာရသူ ၁၀၀ ကျော်အထိရှိနေလို့ ဆေးဝါးအရေးပေါ်လိုအပ်နေပြီး သေဆုံးမှုထပ်တိုးလာမှာ စိုးရိမ်
ဒီပဲယင်း၊ မေ ၁၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာ စာသင်ကျောင်း လေယာဥ်ဗုံးကြဲချမှုမှာ Grade 7 ကျောင်းသား ၁ ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၂၃ ဦးရှိလာပြီလို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ထပ်မံသေဆုံးသူမှာ Grade 7 မှာတက်ရောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်စွမ်းကို ကိုဖြစ်ပြီး ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း ၅ နာရီကျော်လောက်မှာ ရရှိထားတဲ့ ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ သွေးထွက်လွန် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။


“မြေပြင်အခက်အခဲ ပေါင်းစုံကနေ ကြိုးစား(ကုသ)နေရတာ။ ဆေးဝါးလိုအပ်ချက်တွေနေရာထိုင်ခင်း အခက်အခဲတွေရှိနေတယ်။ မြေပြင်မှာ ဆေးရုံဆေးခန်းတွေထားပြီး ကုသရတဲ့ အခြေအနေမဟုတ်ဘူးပေါ့ဗျာ။ ဆေးဝါးလုံလောက်မှုတော့မရှိဘူး”လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိနေပြီး သွေးတိတ်ဆေး၊ ပတ်တီး၊ အကိုက်အခဲပျောက်ဆေးနဲ့ syringe(အကြောဆေး)ချိတ်ဖို့ ဆေးရည်ဘူးတွေ ကုန်လုနီးပါးဖြစ်နေတာကြောင့် အရေးပေါ်လိုအပ်နေပြီး အခြားဆေးနဲ့ဆေးပစ္စည်းတွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ CDM ဆရာဝန်အချို့နဲ့ စေတနာ့ဆေးဝန်ထမ်းအချို့က ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေပေမယ့် ဆေးဝါးမလုံလောက်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာမှာကို စိုးရိမ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မေ ၁၂ ရက် မနေ့မနက် ၉ နာရီခွဲလောက်က အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အခင်းဖြစ်နေရာမှာပဲ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့တာပါ။


လက်ရှိအထိစစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲချမှုကြောင့် Grade 2 အတန်းက မစုလတ်နိုင်၊ မငြိမ်းရွှေရတီမိုး၊ မောင်လွှမ်းပိုင်ထက်၊ မသွန်းစက်ဖြူ၊ မရွှန်းလဲ့ဝေ၊ Grade 3 အတန်းက မောင်စိုးမိုးသွန်း၊ မဖြိုးဝေဖြိုး၊ Grade 4 အတန်းက မောင်ချမ်းမြေ့အောင်၊ မထက်ရတီထွန်း၊ မမွန်မီမီအောင်၊ မမိုးဟေကျော်၊ Grade 5 အတန်းက မောင်ဇေယျာဖြိုး၊ Grade 7 အတန်းက မောင်စွမ်းကိုကို၊ Grade 9 အတန်းက မောင်မြတ်နိုးမောင်မောင်၊ Grade 10 အတန်းက မမို့မို့ဝင်း၊ Grade 11 ဖြစ်တဲ့ မသက်ထားဝေ တို့ ၂၁ ဦးနဲ့ ဆရာမ ဒေါ်ဇင်မာသူ၊ ဒေါ်ပန်းမို့မို့ဝေ စုစုပေါင်း ၂၃ ဦး သေဆုံးထားပါတယ်။
ဒီကနေ့ မေ ၁၃ ရက်မှာ သေဆုံးကလေးတွေကို သင်္ဂြိုဟ်ပေးနေပြီး ညနေပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စာတည်း – ဟိန်းစံ