ချောက်၊ ဇွန် ၂၂၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ချောက်မြို့ကြားမှာ ဂွေးပင်ရဲစခန်းမှူး လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး စခန်းမှူးသေဆုံးတယ်လို့ ဇွန် ၂၂ ရက်ဒီကနေ့မှာ သခင်ဖိုးလှကြီးစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၄ ရက်မနက် ၆ နာရီခန့်မှာ ဂွေးပင်ရဲစခန်းမှူးလှမိုးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး လိုက်ပါလာတဲ့ကားကို သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ စခန်းမှုးလှမိုးသေဆုံးပြီး ကျန် ၃ ဦးမှာဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“နယ်ထိန်း တင်လင်း ရယ်၊ စခန်းမှူး လှမိုးအောင် ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာတာကို သတင်းအတိအကျရလို့ စောင့်ပစ်တာ။ နယ်ထိန်းတင်လင်းက လက်မှန်သွားတယ်။ လက် ၁ ဖက်ဖြတ် လိုက်ရတယ်။ စခန်းမှူးက နံကြားကိုမှန်သွားတာ။ ကားကတော့ မောင်းပြေးသွားတယ်”လို့ သခင်ဖိုးလှကြီးစစ်ကြောင်းတာဝန်ခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ချောက်မြို့နယ်အတွင်းကရွာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးခဲ့ချိန် စစ်ရေးတင်းမာခဲ့တာကြောင့် သတင်းထုတ်ပြန်တာနောက်ကျရတာလို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သခင်ဖိုးလှကြီးစစ်ကြောင်းနဲ့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Tiger Fighter Force တို့အပါ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ အထက်ပါစစ်ကြောင်းတာဝန်ခံက ပြောပါတယ်။
မတ် ၁၆ ရက်ကလည်း ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းပေါ်က စစ်ကော်မရှင်ယာဥ်တန်းနဲ့ ဂွေးချိုရဲစခန်းတိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် ၁၀ ဦးသေဆုံးတယ်လို့ သိရပါတယ်။
စာတည်း – လင်း