ရေတာရှည်၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ကျေးရွာမှာ ပဲခင်းထဲသွားတဲ့ သက်ကြီးအမျိုးသား ၁ ဦး မိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ ကူညီလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။
မိုင်းထိသူဟာ နှောပင်ကျေးရွာနေ အသက် ၆၇ နှစ်အရွယ် ဦးစံအေးဆိုသူဖြစ်ပြီး ဒီဇင်ဘာ၂၅ ရက် ညနေ ၄ နာရီခန့်မှာ ရွာပြင်ပဲခင်းထဲကိုသွားချိန် မြေမြုပ်မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
“သူအိမ်ကနေ ပဲခင်းအသွားမှာထိတာ။ ရွာဝန်းကျင်မှာပဲထိတာ။ ခွဲစိတ်ဖို့ကတော့ ဒီနေ့မှလုပ်ရမယ်။ ထိတာကညာဘက်ခြေထောက်ပါ”လို့ ကူညီလုပ်ဆောင်ပေးခဲ့သူတဦးကပြောပါတယ်။
မိုင်းထိလို့ ဦးစံအေးမှာ ညာဘက်ခြေကျင်းဝတ်ကနေပြတ်ထွက်သွားပြီး ဆေးရုံရောက်လာချိန် အရေးပေါ်သွေးသွင်းကာ ပြတ်သွားတဲ့ခြေထောက်ကို ဒီဇင်ဘာ ၂၆ ရက် ဒီကနေ့မှာ ခွဲစိတ်မှုပြုလုပ်သွားဖို့ရှိနေပြီး လိုအပ်တဲ့ဆေးစစ်မှုတွေလည်းပြုလုပ်ရမယ်လို့ ဆိုပါတယ်။
မိုင်းထိတဲ့နေရာဟာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးလှုပ်ရှားသွားလာနေတဲ့နယ်မြေဖြစ်တာကြောင့် ဘယ်အဖွဲ့ကထောင်ထားတဲ့မိုင်းဆိုတာမသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာမှာ ပဲကောက်ထွက်တဲ့ ၁၂ အရွယ် Grade – 3 ကျောင်းသား မိုင်းထိပြီး ခြေထောက် ၂ ချောင်းပြတ်သွားတယ် သိရပါတယ်။
စာတည်း – လင်း

