ညောင်ဦး၊ ဇွန် ၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ညောင်ဦးခရိုင်အခြေစိုက် Bagan Bo Cho PDF အဖွဲ့ထံက သိရပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ စစ်ကောင်စီဆေးဝန်ထမ်းတပ်ဖွဲ့လက်အောက် နေပြည်တော်အခြေစိုက် ကျန်းမာရေးနဲ့ရောဂါနှိမ်နင်းရေးတပ်(ကရတ)က သူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ဖြစ်ပြီး မေ ၂၀ ရက်မှာ အထက်ပါလမ်းပိုင်းအတိုင်း အရပ်ဝတ်အိမ်စီးကားနဲ့မောင်းနှင်လာစဉ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
“သူတို့ကို တားတဲ့အချိန်မှာ သူတို့လူ(စကစ)တွေမှတ်နေတာ။ သူတို့လူတွေမှတ်လို့ (အရာရှိစိစစ်ရေး) ကတ်တွေပြတဲ့အချိန်မှာ (ဗိုလ်ကြီးလို့)သိတာ။ ကျနော်တို့ကို စစ်ကောင်စီဘက်က လူတွေမှတ်နေတာ။ ကျနော်တို့က အရပ်ဝတ်တွေနဲ့တက်စစ်တာဆိုတော့။ လမ်းပိုင်းအခြေအနေလည်း သူတို့ ၂ ဦးကမသိ” လို့ ဖမ်းဆီးမှုမှာပါဝင်ခဲ့တဲ့ Bagan Bo Cho PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီဆေးတပ်အရာရှိ ၂ ဦးနဲ့အတူ ၎င်းတို့ အရာရှိစိစစ်ရေးကတ်၊ ယူနီဖောင်းတချို့နဲ့ မောင်းနှင်လာတဲ့ အိမ်စီးကားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗိုလ်ကြီး ၂ ဦးကို Bagan Bo Cho အဖွဲ့မှာ ၁၀ ရက်ကြာ စစ်သုံ့ပန်းဥပဒေနဲ့အညီချုပ်နှောင်ထားပြီးနောက် ဇွန်လဆန်းပိုင်းမှာ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကာ လက်ရှိမှာ ညောင်ဦးပကဖ က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၂ မှာ စစ်ဆေးရေးလုပ်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းက ဖြစ်ကြောင်း ပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့မိသားစုဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M