ရွှေကျင်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာမှာ ကြံ့ခိုင်ရေးမဲဆွယ်ပွဲအတွက် လူလိုက်ခေါ်တဲ့ရာအိမ်မှူး အမျိုးသမီးကို ဓားနဲ့ခုတ်တဲ့အမျိုးသား ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရတယ်လို့ ဖြစ်စဥ်ကိုသိထားသူတဦးဆီက သိရပါတယ်။
ဖမ်းဆီးခံထားရသူ ကိုဝင်းဦး ကို ဒီဇင်ဘာ ၁၆ ရက်မှာ ရွှေကျင်မြို့နယ်တရားရုံးကနေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
“မနေ့က အမိန့်ချလိုက်တယ်လို့တော့ သိရတယ်။ ဒီဘက်ကဆိုရင် ဒိုက်ဦးထောင်ကိုပို့တာများတယ်ဆိုတော့ အဲ့ထောင်ကိုပဲပို့တာဖြစ်နိုင်တယ်။ ဒီမှာနေတုန်းကတော့ ရွှေကျင်ရဲစခန်းမှာပဲထားတယ်”လို့ ဖြစ်စဥ်ကိုသိထားသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ရွှေကျင်မြို့နယ်ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက အနောက်ဘက်ကျေးရွာမှာ ပါတီစည်းရုံးရေးလုပ်ချိန် လူမရှိတာကြောင့် ကျေးရွာရာအိမ်မှူး ကြံ့ခိုင်ရေးပါတီဝင် ဒေါ်အမာစိန်က လူလိုက်ခေါ်ရာမှာ တရွာတည်းနေ ကိုဝင်းဦးဆိုသူက ဓားနဲ့လိုက်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဓားနဲ့ခုတ်ခံရတဲ့ ဒေါ်အမာစိန်မှာ ဒဏ်ရာအနည်းငယ်ရသွားပြီးနောက် နေ့ချင်း ကိုဝင်းဦးကို ရဲကနေ လာရောက်ဖမ်းဆီးသွားပြီး ရွှေကျင်မြို့မရဲစခန်းမှာ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်းအား ကျူးလွန်ခဲ့တယ်ဆိုကာ (ပ) ၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူထားသူ ၁၀၀ ကျော်ထိရှိလာပြီးလို့ စစ်ကော်မရှင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စာတည်း – လင်း