နွားထိုးကြီး၊ မတ် ၂၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၃ လုံးပျက်စီးသွားတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မတ် ၂၃ ရက် မနေ့မနက်အစော ၁ နာရီခန့်မှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ် ၁ စီးနဲ့ဗုံး ၂ လုံး၊ Y 12 လေယာဥ်နဲ့ဗုံး ၅ လုံးထက်မနည်းကြဲချခဲ့တာလို့ဆိုပါတယ်။


“ကျေးရွာရဲ့ လူနေအိမ်တွေကိုပေါ်အဓိကထားပြီး ချတာဆိုတော့ ရွာအလယ်ကြောနဲ့ အနောက်ပိုင်းကြားကိုကျတာ။ ရွာထဲမှာက လူတွေသိပ်မရှိလို့ ထိခိုက်မှုနည်းသွားတာ။ ခုထိတဲ့ သူတွေကလည်း ရွာထဲညအိပ်ပြန်တဲ့သူတွေထိတာ”လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲတာကြောင့် လက်ဝဲမြင်းနီရွာခံ ဦးမောင်ကြိုင် အသက် ၆၅ နှစ်မှာ (စိုးရိမ်ရ) ဒဏ်ရာနဲ့ မနှင်းမြတ်နွယ် အသက် ၁၃ နှစ်မှာ (မစိုးရိမ်ရ ) ဒဏ်ရာတွေရရှိခဲ့ပြီး နေအိမ် ၇ လုံးမှာ ဗုံးစထိမှန်ပျက်စီးခဲ့ကာ၊ ၁၆ လုံးမှာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။



လက်ဝဲမြင်းနီကျေးရွာဟာ ၂၀၂၄ အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းရဲ့ ၂ ကြိမ် ဝင်ရောက်မီးရှို့တာကိုခံထားရပြီး မြင်းခြံအခြေစိုက် ခမရ ၁၅ တပ်ကလည်း မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ ကျေးရွာတွင်းအတည်တကျ နေထိုင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
လက်ဝဲမြင်းနီကျေးရွာမှဦ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ပြီး မီးရှို့ခံရတာ၊ လက်နက်ကြီးနဲ့လေကြောင်းကနေ ဗုံးကြဲခံထားရတာတွေကြောင့် နေအိမ် ၂၅၀ ကျော်ပျက်စီးထားပြီး ဒေသခံ ၅,၀၀၀ ခန့်မှာလည်း မကြာခဏစစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – လက်ဝဲမြင်းနီကျေးရွာ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်တွေမီးလောင်နေမှုမြင်ကွင်း။
စာတည်း – ဟိန်းစံ