စစ်ကိုင်း၊ ဇွန် ၁၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်းက စစ်ဘေးရှောင်နေရတဲ့ ကလေးငယ် ၁၀၀ ကျော် ပညာသင်ကြားပေးနိုင်ဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေတယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်မြောက်ခြမ်းဘက်က စစ်ဘေးရှောင်နေရာတခုမှာ လူငယ်တွေက ဦးဆောင်ကာ စစ်ဘေးရှောင် ကလေးတွေ စာသင်နိုင်ဖို့ စီစဥ်နေပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား ၁၁၀ ဦးကို လက်ခံထားပြီလို့ စစ်ဘေးရှောင်ကလေးတွေ ပညာရေးအတွက် ကူညီပေးနေသူ ကိုဉာဏ်ဇင်ကပြောပါတယ်။


“ကျနော်တို့ဘက်က ကလေးတွေက စာမသင်ရတာဆို ကိုဗစ်အပါအဝင်ဆို ၃ နှစ်လောက်ရှိနေပြီ။ ခု စာသင်ဖို့ ကလေး ၁၀၀ ကျော်ရဖို့တောင် မိဘတွေကို အတော်စည်းရုံးပြီး ပြောထားရတာ။ စာသင်ဆောင်တွေက စစ်ဘေးရှောင်နေရတဲ့နေရာမှာ ဖြစ်သလိုဆောက်ထားရတာဆိုတော့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်”လို့ ပြောပါတယ်။
ကန့်ဘလူမြောက်ခြမ်းဘက်မှာ စာသင်ကြားနိုင်မယ့်အရွယ် ကလေးငယ်တွေထဲကမှ မူလတန်းအရွယ် ၇၀ ရာခိုင်နှုန်း၊ အလယ်တန်းနဲ့ အထက်တန်းအရွယ်တွေထဲက ၃၀ ရာခိုင်နှုန်းသာ စာသင်ခန်းတွေထဲပြန်လာနိုင်ပြီး ကျန်သူတွေကတော့ လုပ်ငန်းခွင်တွေထဲကို ရောက်သွားတယ်လို့ ဆိုပါတယ်။


ပညာသင်ကလေးတွေအတွက် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ အပါအဝင် သင်ထောက်ကူပစ္စည်း လိုအပ်ချက်၊ စာသင်ဆောင် အမိုးအကာ မလုံခြုံလို့ ပြန်လည်ပြင်ဆင်ရမယ့်လိုအပ်ချက်တွေနဲ့ ကူညီသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေအတွက် ကူညီထောက်ပံပေးနိုင်မယ့် လိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။
ကလေးတွေကိုတော့ စနစ်သစ်ပညာရေးသင်ရိုးကို NUG လမ်းညွှန်မှုနဲ့အတူ မူလတန်း ၁၀၂ဦး၊ အလယ်တန်း ၇ ဦးနဲ့ အထက်တန်းအဆင့် ၁ ဦးကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျေးရွာထဲက အထက်တန်းအောင်ပြီးသူနဲ့ ဘွဲ့ရထားသူ စုစုပေါင်း ဆရာ၊ ဆရာမ ၁၀ ဦးနဲ့ သင်ကြား ပေးနေတာဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် ကန့်ဘလူမြောက်ခြမ်းမှာ ကလေးငယ်တွေ စာမသင်ကြားရတာ ၂ နှစ်ကျော် လာသလို ရွာမီးရှို့၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ဆောင်တွေကို စနစ်တကျမလုပ်နိုင်သေးဘဲ အဆင်ပြေသလို သင်ကြားပေးနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်းဇေ



