10 July 2026 12:02 PM

ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း

0 1
0 1

ဘုတလင်၊ မတ် ၂၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စစ်ရှောင်စာသင်ကျောင်းကို နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ကနီဒေသခံတွေပူးပေါင်းပြီး ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို မတ်လ ၂၄ ရက်က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသား၊သူပေါင်း ၂၀၇ ဦးရှိတဲ့ ဘုတလင်မြို့နယ်ထဲက စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးစာအုပ် ၁၈ ဒါဇင်၊ ခဲတံ ၆ ဘူး၊ ဖောင်တိန် ၇ ဘူး၊ ခဲဖျက် ၃ ဘူး၊ ဆန် ၅ အိတ်၊ ကြက်သွန် ၈ အိတ်၊ ပဲ ၂ အိတ်၊ ဆီဘူး ၃၀၊ အဝတ်အထည် ၃ အိတ်နဲ့ ဟင်းချက်စရာများကိုလှူဒါန်းခဲ့တာလို့ နွေဦးတော်လှန်ရေးသပိတ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီကျောင်းမှာ KG တန်းကနေ Grade 8 အထိရှိတယ်။ CDM ဆရာမက ၄ ဦးရှိတယ်။ စေတနာ့ဝန်ထမ်း ၂၃ ဦးရှိတယ်။ သူတို့ကျောင်းကိုဖွင့်ထားတာ ၃ လလောက်ပဲ ရှိသေးတယ်။ သူတို့လေးတွေ တောထဲမှာနေရတာ တနှစ်ကျော်ပြီ။ ကျနော်တို့ သပိတ်အင်အားစုကို အကူညီတောင်းလို့သွားရောက်လှူဒါန်းခဲ့တာ” လို့ ဆိုပါတယ်။

ကနီသပိတ်အင်အားစုအနေနဲ့ သွားရောက်လှူဒါန်းခဲ့တဲ့ စာသင်ကျောင်းဟာ စစ်ကောင်စီတပ်နဲ့ သိပ်မဝေးတဲ့အတွက် အခက်အခဲတွေကြားက သွားရောက်လှူဒါန်းခဲ့ရတာဖြစ်ပြီး၊ ရှေ့ဆက်ပြီးတော့လည်း လှူဒါန်းနိုင်အောင်ကြိုးစားသွားမယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“သူတို့နေထိုင်တဲ့ရွာက စစ်ကောင်စီတွေတပ်ချထားတော့ ပြေးလွှားနေထိုင် နေရတယ်။ တကယ်ကိုလည်း အကူညီတွေလိုအပ်နေတဲ့အတွက် ကျနော်တို့တွေ သွားရောက်လှူဒါန်းရတယ်။ အဲဒီဒေသက ကျနော်တို့နဲ့လည်း အရမ်းဝေးတယ်။ ဘေးပတ်ပတ်လည်မှာလည်း စစ်ကောင်စီတပ်တွေက ရှိတယ်။ တော်တော်လေးကို သတိထားပြီး သွားရတာပါ” လို့ ဆိုပါတယ်။

လိုအပ်ချက်ရှိတဲ့နေရာတိုင်းကို သွားရောက်လှူဒါန်းချင်ပေမဲ့လည်း အလှူရှင်အားနည်းတဲ့အတွက် ချက်ချင်းလှူဒါန်းလို့မရသေးပေမယ့် သပိတ်အင်အားစုအနေနဲ့ ဆက်လက်လှူဒါန်းမှုကို ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကလည်း ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတကျောင်းက ကျောင်းသား ၁၈၂ ဦးကို ကနီသပိတ်အင်အားစုက တပတ်တိုင်တိုင် နေ့စဉ်သံဓာတ်အားတိုးဆေး တိုက်ကျွေးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။