ကောလင်း၊ စက်တင်ဘာ ၂၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကချင်ကုန်းရွာမှာ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံးပြီး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းမြို့နယ်ပအဖ ဆီက သိရပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁ နာရီ ခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်တစီးဟာ ကျေးရွာထဲနဲ့ အနီးဝန်းကျင်ကို ၁၂၀ မမ ဗုံးသီး ၆ လုံးကြဲချသွားခဲ့တာလို့ ဆိုပါတယ်။
“ဗုံးသီးက ၂ ကြိမ်လာချတာ။ ရွာအနီးဝန်းကျင်တွေကို ကျရောက်ပေါက်ကွဲတာ။ စစ်ရေးပစ်မှတ်မရှိပဲ ပြည်သူတွေနေတဲ့နေရာကို လာကြဲသွားတာ”လို့ ကောလင်းမြို့နယ်ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရမှုအတွင်း နေအိမ်မှာရှိတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားတာဖြစ်ပြီး၊ ထိခိုက်သေးဆုံးသူတွေနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်တွေ ပြောခွင့်မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် နေအိမ်လည်းပျက်စီးသလို နွားတကောင်းလည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရတဲ့ နွားတွေလည်းရှိတယ်လို့ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက် ကျေးရွာထဲက ပြည်သူတွေဟာ ညတွင်းချင်းဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ အနည်းအကျဥ်းလောက်သာ ရွာကိုပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။