ငါန်းဇွန်၊ ဇူလိုင် ၃၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာအုပ်စုအတွင်းက ၁ နှစ်ကျော်ကြာနေရပ် မပြန်ရသေးတဲ့ စစ်ရှောင် ၄၀၀ ခန့်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေနဲ့စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
စစ်ရှောင်ရတာ ရက်ကြာလာသလို မိုးတွင်းကာလဖြစ်လို့ အလုပ်အကိုင်အဆင်မပြေတာကြောင့် စားဝတ်နေရေးကြပ်တည်းနေပြီး အလှူရှင်မရှိလို့ နေထိုင်ရာအမိုးအကာတွေလည်း မလုံခြုံဖြစ်နေ တယ်လို့ ဆိုပါတယ်။


“အလုပ်အကိုင်က အခုသူများအဌားလေးတွေလိုက်ရတယ်။ တောင်သူပါပဲ။ အခု အလုပ်မလုပ်ရတာလည်း ၂ လကျော်နေပြီ။ မလုပ်ရတာက။ ရေတွေဝင်နေလို့လေ။ သူများပေးတာလေးတွေပေါ့နော်။ စစ်ရှောင်ဆိုပြီး သူများကသနားလို့ ဆန် ၂ ပြည်ပေး၊ ၃ ပြည်ပေးနဲ့စားသောက်နေရတယ်။ “လို့ ငါန်းမြာကြီးကျေးရွာခံ စစ်ရှောင်အမျိုးသမီးကပြောပါတယ်။
လက်ရှိမှာလည်း မိုးရွာနေတာကြောင့် စစ်ရှောင်တွေနေထိုင်တဲ့ ဓနိတဲ၊ မိုးကာတဲ၊ တာလပတ်တဲတွေမှာ အမိုးအကာမလုံခြုံတာတွေဖြစ်နေပြီး စစ်ရှောင်တွေနေထိုင်တဲ့နေရာဝန်းကျင်မှာ ရေပတ်လည်ဝိုင်းနေတာကြောင့် သွားလာရေးခက်ခဲနေကြတယ်လို့ ဆိုပါတယ်။


“အခုက ကျမတို့ဖြစ်နေတာက အလုပ်ကမရှိတော့ စားဝတ်နေရေးက တော်တော်လေးအခက်ခဲ ရှိနေတယ်။ ကျန်းမာရေးအခက်ခဲ၊ သွားမှုလာမှုကလည်း ရေထဲမှာနေကြရတာဆိုတော့ လှေတွေ ဘာတွေလည်းလိုတယ်။ လှေလည်းမရှိကြဘူး။ အခက်ခဲတွေက အများကြီး။ အမိုးကာတွေကလည်းကြာပြီးဆိုတော့မလုံခြုံဘူးပေါ့။ သက်ကယ်တဲတွေနဲ့နေကြတဲ့သူတွေကတော့ လုံခြုံပါတယ်။ မလုံခြုံတဲ့သူတွေကအများကြီးပေါ့ဗျာ။ မတတ်နိုင်တဲ့သူတွေကတော့ မိုးကာတဲဆိုတော့ မလုံဘူးပေါ့။ မိုးကာဆိုတာကလည်းကြာတော့ဆွေးပေါက်သွားတာ”လို့ အထက်ပါစစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။



အမိုးအကာမလုံခြုံသူတွေက ဖြစ်သလိုနေထိုင်ကြရပြီး မိုးရွာချိန်မှာ လုံခြုံတဲ့အပိုင်းဘက် ကပ်တိုးနေထိုင်ကြရပေမယ့် မိုးများချိန်တော့ မိုးစိုတာတွေရှိတယ်လို့ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ရတာကြာလာသလို အလုပ်အကိုင်မရှိကြတာကြောင့် အစားအသောက်၊ အမိုးအကာနဲ့ဆေးဝါးလိုအပ်ချက်တွေများနေတယ်လို့ စစ်ဘေးရှောင်တွေအတွက် ကူညီပေးနေသူက ပြောပါတယ်။


“စားသောက်ကုန်က အဓိကဘဲ ကျန်တာကအဲ့လောက်မဟုတ်ဘူး။ သူတို့က ရွာကိုလုံးဝကပ်မရဘဲ ဖြစ်သလိုနေကြရတာဆိုတော့ ကျန်းမာရေးဘာညာအဆင်မပြေတော့ မခံစားနိုင်တဲ့ သက်ကြီးရွယ်အို တွေဆုံးပါးတာလည်းရှိတယ်။ အာဟာရတွေပြတ်ပြီးတော့။ အဲ့လိုက နှစ်ယောက်ရှိပြီး ဆုံးပါးတာ။ အလုပ်အကိုင်ကလည်း ဘာမှမရှိဘူး။ ဒီအတိုင်းဘဲနေလာကြတာဆိုတော့ ထောက်ပံ့ကြေးကလည်း အခုက မပေးကြဘူး။ တော်လေးအခက်ခဲဖြစ်နေကြတယ်”လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေ စတင် စစ်ရှောင်ချိန်မှာ အလှူရှင်အချို့က လှူဒါန်းတာမျိုးရှိပေမယ့် လကြာလာတဲ့ အခါမှာ အလှူရှင်မရှိတော့တာကြောင့် ကူညီထောက်ပံ့ပေးနိုင်မှုမရှိတော့ဘဲ တတ်နိုင်တဲ့ပြည်သူတွေအနေနဲ့ ပြည်သူ ၄၀၀ ခန့်အတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးကြဖို့နဲ့ဆက်သွယ်လှူဒါန်းလိုသူရှိပါက 09781875173 ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သူကဆက်ပြောပါတယ်။



စစ်ရှောင်တွေက အလုပ်အကိုင်မယ်မယ်ရရမရှိကြတာကြောင့် ငါးရှာ၊ သီးပင်စားပင်တွေ စိုက်ပျိုးရောင်းချနေထိုင်နေကြရကာ ပိုမိုခက်ခဲတဲ့သူတွေကတော့ ထမင်းငတ်တာတွေရှိသလို အငတ်ဘေးဒဏ်ကို မခံနိုင်တာကြောင့် ကျေးရွာတွေမှာ လှည်ပတ်တောင်းရမ်းစားသောက်ရတာ ထိရှိတယ်လို့ သိရပါတယ်။
ငါန်းမြာကြီး၊ သဖန်းသာ၊ မိုးတောင်ကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေပါဝင်ပြီး စစ်ရှောင် ၂၀ ဝန်းကျင်လောက်မှာလည်း ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ ယားနာတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။



အဆိုပါ စစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၂၄၊ ဇူလိုင်လဝန်းကျင်က ငါန်းမြာကြီးကျေးရွာကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတာ၊စစ်ကြောင်းထိုးလာတာတွေကြောင့် ပြောင်းရွှေ့လာကြရသူတွေဖြစ်ပြီး ယခုအထိလည်း ကျေးရွာထဲမှာ စစ်ကောင်စီတပ်အထိုင်ချထားတာကြောင့် ကျေးရွာတွေကို မပြန်ရဲကြတာလို့ သိရပါတယ်။
စာတည်း – လင်း