ပွင့်ဖြူ၊ စက်တင်ဘာ ၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ချိန် စစ်ကော်မရှင်တပ်ဘက်က လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသူတွေထဲက အမျိုးသား ၆ ဦးနဲ့ လမ်းသွားလမ်းလာအမျိုးသား ၁ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ မဒဲရွာခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခန့်မှာ မဒဲကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၁၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ဖမ်းဆီးထားတဲ့ဒေသခံ ၁၁ ဦးနဲ့အတူ ကျေးရွာမြောက်ဘက် ဆည်ဘောင်ဘက်ထွက်လာချိန်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
” မဒဲ အရှေ့ကျောင်းမှာ အခြေတည်ပြီးတော့ အဲ့ကနေအထွက်မှာ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့ဖြစ်တယ်။ အဲ့မှာက ပြည်သူတွေခေါ်သွားတော့ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ မိုင်းသွားထိတာထင်ပါတယ်။ ပြည်သူတွေကို ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကိုကျနော်တို့က လိုက်ကောက်ရတယ်။ နေရာတင်မှာပွဲချင်းပြီးသေတာ ၂ ယောက်။ ကယ်တာပြုတာနဲ့ ၂ နာရီလောက်ကြာတော့ သွေးလွန်တာ။ ခြေထောက်ကြေမွ၊ အဆုတ်ထိတာနဲ့ ထပ်သေတာ”လို့ မဒဲရွာခံတဦးကပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ ကနေ ၅၀ ကြားရှိ ကနီကျေးရွာနေ ဦးဌေးမင်း၊ ကိုအောင်ခိုင်စိုး၊ ကိုသန်းလင်း၊ မဒဲကုန်းကျေးရွာနေ ကိုဖိုးဇော်၊ ကိုဝင်းနဲ့ အမျိုးသား ၁ ဦး မဒဲကုန်းကျေးရွာနေ ကိုသူရတို့ သေဆုံးပြီး မဒဲမြောက်ရွာနေ ကိုကျော်နိုင်ဦး၊ မောင်ခိုင်၊ ဦးမြင့်စိန်၊ ကနီကျေးရွာက အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၁ ဦးတို့ ဒဏ်ရာရသွားပါတယ်။
အဲ့ဒီထဲက ကိုသူရကတော့ တိုက်ပွဲဖြစ်နေမှန်းမသိဘဲ မဒဲကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာစဥ် စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး၊ လက်ပြန်ကြိုးတုပ်ကာ နားထင်ကို သေနတ်နဲ့ပစ်ခဲ့တာကြောင့် သေဆုံးသွားရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့စျာပနကိုတော့ စက်တင်ဘာ ၇ ရက် ဒီမနက်က ၎င်းတို့ကျေးရွာတွေမှာ ပြုလုပ်ခဲ့တယ်လို့ မဒဲရွာခံတဦးကပြောပါတယ်။
စက်တင်ဘာလ ၅ ရက်မှာ စစ်ကော်မရှင်စစ်ကြောင်းက ကနီ၊ မဒဲမြောက်ရွာ၊ မဒဲကုန်းကျေးရွာနဲ့ မဒဲကျေးရွာတို့ကို ဝင်ရောက်ချိန်မှာ အထက်ပါဒေသခံတွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်ကော်မရှင်ဘက်ကလည်း ၁၇ ဦးလောက်ထိခိုက်သွားပြီး အဲဒီအထဲမှာ သေဆုံးသူအချို့လည်း ရှိခဲ့သလို ကား ၂ စီးပျက်စီးပြီး ထိခိုက်သေဆုံးသွားသူတွေနဲ့ကားတွေကို စစ်ကော်မရှင်ဘက်က ပြန်သယ်ကာ ပွင့်ဖြူဘက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ကြောင်းဟာ ဝါတပ်ကနေ စက်တင်ဘာလ ၃ ရက်ကတည်းက စထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး ညောင်ဝိုင်း၊ ကနီ၊ မဒဲကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာလောက်ကို စစ်ကြောင်းထိုးခဲ့ကာ အဲ့ဒီနေ့မှာပဲ မကျည်းစုကျေးရွာက နေအိမ် ၄ အိမ်ကိုမီးရှို့ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးနေပြီးတိုက်ပွဲတွေကြောင့် မကျည်းစု၊ ကနီ၊ မဒဲ၊ မဒဲမြောက်၊ ညောင်ပင်ဝိုင်း၊ မဒဲတောင်၊ မဒဲကုန်း၊ အင်းကုန်း၊ ညောင်ပင်စောက်အင်း၊ ထန်းတောစု၊ ဇီးကျွန်း၊ တူးပေါက်၊ ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း