ညောင်ဦး၊ စက်တင်ဘာ ၂၆၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့အနီးတဝိုက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းပေါ်တာ မဆွဲဟုအာမခံပြီး တအိမ်ထောင်ကို စစ်မှုထမ်းကြေး ၃၀,၀၀၀ ကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခုနှစ် ဇူလိုင်လကစတင်ပြီး ညောင်ဦးမြို့၊ ပုဂံမြို့၊ ပုဂံမြို့သစ်၊ တောင်ဇင်၊ မြင်းကပါ၊ ဝက်ကြီးအင်းအပါအဝင် ပုံဂံနဲ့ကပ်လျက်ကျေးရွာတွေထိ စစ်မှုထမ်းကြေးပေးဆောင်ရတယ်လို့ ဆိုပါတယ်။
“ဒီမှာက ပေါ်တာဆွဲစရာ လူငယ်တွေလည်းမရှိတော့ဘူး။ အိမ်ထောင်စုတခုကို ၃၀,၀၀၀ ပေးရတယ်။ လတိုင်းဆောင်နေတာ။ မြို့ပေါ်တွေမှာပေါ်တာမဆွဲဘူးလို့ သူတို့တာဝန်ယူပြီးသားလို့ပြောတယ်။ လုံးဝမဆွဲဘူးလို့လည်း ကြေညာတယ်။ အရင်ကတော့ မပေးရဘူး။ ခုပေးရတာဆို နှစ်လ ဒီလပါဆို သုံးလရှိပြီ”လို့ ပုဂံမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းကြေးက အိမ်တိုင်းပေးနေရတာဖြစ်ပြီး ငွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လကုန်တိုင်းကောက်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းကြေးပေးဆောင်ပြီးနောက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတယ်ဆိုတဲ့ အသံတွေတော့ မကြားရတော့သလို လမ်းပိုင်းတွေပေါ်မှာ စစ်ဆေးမှုတွေလည်း နည်းသွားတယ်လို့ သိရပါတယ်။
စစ်မှုထမ်းကြေး မကောက်ခင်ကာလက စစ်တပ်နဲ့ပျုစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းရဖို့ အလုပ်ရုံ၊ နေအိမ်နဲ့ လမ်းသွားလမ်းလာတွေပါမကျန် ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် မြို့ခံစစ်မှုထမ်း အသက်အရွယ်အကျုံးဝင်သူတွေဟာ ပြည်ပနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အထိဖြစ်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – စစ်ကောင်စီ