မုံရွာ၊ မတ် ၁၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်ကြီးရပ်ကွက်ရှိ ညောင်ပင်ကြီးဇက်ဆိပ်အနီး ချင်းတွင်းမြစ်မှာ ရေနစ်ပျောက်ဆုံးခဲ့တဲ့ ဆယ်ကျော်သက်ကလေး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မတ်လ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီခန့်မှာ ရေနစ်ပျောက်ဆုံးနေရာရဲ့ ရေမိုင် မိုင်ဝက်ခန့်အကွာနေရာမှာ အလောင်း ၂ လောင်း၊ မတ်လ ၁၇ ရက် ယမန်နေ့ မနက် ၇ နာရီခန့်မှာ ရေမိုင် ၁ မိုင်ခန့်အကွာ မြစ်အတွင်းမှာ အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့တာလို့ ဆိုပါတယ်။

“ကျန်တဲ့ ၂ လောင်းက ဒီမနက်ရတယ်။ ၁ လောင်းက မနေ့မနက်က ရတယ်။ ဆုံးတာက ကျား ၂ ၊ မ ၁ ပါ။ ဘောလုံးနဲ့ရေဆင်းကစားရင်း နစ်သွားတာလို့တော့ သိရတယ် “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
မတ်လ ၁၆ ရက် ညနေ ၅ နာရီခန့်မှာ ညောင်ပင်ကြီးဇက်ဆိပ်အနီး ချင်းတွင်းမြစ်မှာ ဆယ်ကျော်သက်အရွယ် ကလေး ၅ ဦး ရေဆင်းကစားရာက ၅ ဦးလုံး ရေနစ်ခဲ့ပြီး ၂ ဦးကို အနီးအနားရှိ စက်လှေသမားတွေက ကယ်ဆယ်နိုင်ခဲ့တာကြောင့် အသက်ရှင်ခဲ့ပေမယ့် ၃ ဦးဟာ ရေနစ်မြုပ် ပျောက်ဆုံးသွားခဲ့တာပါ။

သေဆုံးသူတွေဟာ မုံရွာမြို့ ရုံးကြီးရပ်ကွက်နဲ့ ရန်ကင်းရပ်ကွက်နေထိုင်တဲ့ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ်ရှိ မိန်းကလေး ၁ ဦးနဲ့ ယောက်ျားလေး ၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဆယ်ယူရရှိတဲ့ ကလေးတွေရဲ့အလောင်းတွေကို မုံရွာမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး အဲ့ဒီကတဆင့်မိသားစုဝင်တွေက နေအိမ်တွေကိုပြန်လည်သယ်ယူသွားပြီဖြစ်တယ်လို့ သိရပါတယ်။





