ညောင်ဦးမှာ မြစ်အတွင်းရေဆင်းချိုးရာက ဆယ်ကျော်သက်ကျောင်းသားတဦး ရေနစ်သေဆုံး

0 1
0 1

မန္တလေး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ရုံးညောင်ပင်စက်လှေဆိပ်အနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာက ကျောင်းသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ရေနစ်သေဆုံးသူမှာ ညောင်ဦးမြို့၊ တက်သိမ်းရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ခန့်ခန့်ဦးဖြစ်ပြီး အတန်းတူသူငယ်ချင်း ၂ ဦးနဲ့အတူ ဇန်နဝါရီ ၁၉ ရက် မနေ့နေ့လယ် ၁ နာရီလောက်မှာ မြစ်အတွင်းရေဆင်းကူးရာက ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။

“ ကလေးက ‌သူ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ငါရေငုတ်ပြမယ်ကြည့်နေဆိုပြီး ပြန်ပေါ်မလာတော့တာ။ ‌ရေကအရမ်းလည်းမနက်ဘူး ရေလည်းကူးတတ်တယ်၊ အတက်ရောဂါဆိုတာမျိုးလည်းမကြားမိဘူး ” လို့ ညောင်ဦးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနစ်သွားတဲ့ကျောင်းသားကို မြို့ခံရေငုတ်ကျွမ်းကျင်သူတွေ၊ မီးသတ်အဖွဲ့ဝင်တွေက ရှာဖွေရာ ညနေ ၄ နာရီခွဲကျော်မှာ စတင်ရေနစ်တဲ့နေရာအနီးမှာပဲ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကရုဏာရှင်ကူညီမှုအသင်းအကူအညီနဲ့ ညောင်ဦးခရိုင်ကုတင် ၂၀၀ ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၃ ရက်ကလည်း ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက် ဧရာဝတီမြစ် နတ်သမီးရေချိုးဆိပ်မှာ အသက် ၂၀ နှစ်အောက် အမျိုးသားလူငယ် ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး တို့ ရေချိုးရာက အမျိုးသားလူငယ် ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။