■ ၁ ညအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ ၂ မြို့ လေကြောင်းကြဲခံရ
မြေလတ်အသံ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၅။
KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအရှေ့ဘက် မော်လူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၂ ကြိမ် ကြဲခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက် မနေ့ ည ၁၂ နာရီဝန်းကျင်က မော်လူးမြို့နယ် ဟင်းနုရွာ စည်ပင်ရုံးနဲ့ မော်လူးမြို့ထဲက မြမာလာရပ်ကို တံတားဦးလေဆိပ်ကတက်လာတဲ့ MiG-29 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ကားဆရာ ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အသက်ကြီးပိုင်း အမျိုးသား ၁ ဦးတို့ ဖြစ်တယ်လို့ မော်လူးဒေသခံတဦးက ပြောပါတယ်။
“ဟင်းနုမှာက ၂ ယောက်၊ မြမာလာရပ်မှာက ၁ ယောက်၊ အသက်ခပ်ကြီးကြီး ၁ ယောက်က နှလုံးဖောက်ပြီး သေသွားတယ် ထင်တယ်။”လို့ သူကဆိုပါတယ်။



လူဦးရေ ၇,၀၀၀ ကျော်နေထိုင်တဲ့ မော်လူးမြို့ဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးမှာ တည်ရှိပြီး ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ကို သိမ်းပိုက်ကာ ဒီဇင်ဘာ ၂၀ ရက် ဝန်းကျင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်ခဲ့တဲ့ မြို့ ဖြစ်ပါတယ်။
မနေ့ ည ၈ နာရီခွဲဝန်းကျင်ကလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို လေကြောင်းနဲ့ ဗုံး ၃ ကြိမ် ကြဲခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။



သေဆုံးသူတွေရဲ့ အချက်အလက် အသေးစိတ်ကတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၅ မှာ စစ်ကိုင်းတိုင်းအတွင်း အစိုးရရုံးထိုင်မယ်လို့ ထုတ်ပြောပြီးနောက် တော်လှန်ရေးအင်အားစု တာဝန်ရှိသူတချို့က လုံခြုံရေးအန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထောက်ပြမှုတွေလည်း ရှိနေပါတယ်။



စာတည်း – ဟယ်ရီ