■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရ
မင်းတုန်း၊ ဩဂုတ် ၃၁၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမအစပ်တနေရာမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိသလို စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ည ၇ နာရီခန့်မှာ မင်းတုန်းနယ်ထဲကို အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ထဲက အင်အား ၅၀ ကျော်လောက်ဟာ ရခိုင်ရိုးမအစပ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့စစ်ကြောင်းတွေထဲက တခုနဲ့ ဖြစ်တာ။ ကျနော်တို့က လက်ဦးမှုရပြီး အလစ်၊ အငိုက် ခြုံခိုတိုက်တာ။ အထိနာပြီး ခုခံချိန်မရပဲ ပြန်ဆုတ်သွားတယ်။ အလောင်း၊ လက်နက်ရတယ်။ အဲနေ့မှာပဲ နောက်ထပ် စစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖမ်းမိတာရှိ သေးတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းဆက်ထိုးနေတော့ အနောက်ခြမ်းက ရွာတော်တော်များများ ပြေးနေရတယ်”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ အလောင်းတလောင်း၊ MA3 (၁)လက် ၊ ၅.၅၆ ကျည် (၉၁)တောင့်၊ ကျည်ဘောက် (၄)ဘောက်၊ လက်ပစ်ဗုံး (၁)လုံး ၊ ဖုန်း (၁)လုံးတို့သိမ်းဆည်း ရမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အခြားစစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်ကြပ်အဆင့် (၁)ဦး၊ ဒုတပ်ကြပ်အဆင့် (၂)ဦးနဲ့ ပစ (၂)ဦးတို့ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်တပ်စစ်ကြောင်းတွေဟာ မင်းတုန်းအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်ကျေးရွာတွေမှာ စစ်ကြောင်းဆက်ထိုးနေတာကြောင့် ပြောင်း၊ ထန်းပင်ကုန်း၊ သဖန်ရောင်၊ ဖြူကန်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေကြလည်း သရက်မြို့နယ်၊ ပုဇဥ်းဒါးကျေးရွာအနီး သရက်-မင်းတုန်းလမ်းပိုင်းမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်အဖွဲ့ကို မိုင်းဆွဲပစ်ခတ်ရာ ၉ ဦးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။