စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အဆုံးစီရင်သွား

0 23
0 23

■ စစ်တပ်ကတပ်စွဲထားချိန် သေဆုံးမှုအပေါ် တပည့်တကာတွေ သံသယရှိ

လက်ပံတန်း၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ် ယာယီတပ်စွဲထားတဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချအဆုံးစီရင်ပြီး ပျံလွန်တော်မူသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လက်ပံတန်းမြို့နယ်အရှေ့ဘက် ဖိုးခေါင်စုရွာ လယ်ပြင်ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၀ နှစ်ဝန်းကျင်ရှိ ကျောင်းထိုင်ဆရာတော် ဥူးသုမနဖြစ်ပြီး အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်မှာ အခန်းတွင်းမှာ သေဆုံးနေတာလို့ ပြောပါတယ်။

“ဆွမ်းဒကာမက ဆွမ်းချက်နေရင်း ဆီကုန်လို့ ဆရာတော်ဆီကိုသွားတာ အခန်းထဲမှာ ဆရာတော်က လည်ပင်းကြိုးတန်းလန်းနဲ့ ကြမ်းပြင်နဲ့ထိပြီး ဒူးကွေးပြီးပျံလွန်တော်မူနေတာကို သွားတွေ့တာတဲ့။ ရွာသားတွေ ကြိတ်မနိုင်ခဲမရဖြစ်နေတာ ၇ ရက်ကြာရင် သင်္ဂြိုဟ်မယ်လို့လည်းကြားတယ်” လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆရာတော်ပျံလွန်တော်မူမယ့်မနက်က ရွာသားအချို့နဲ့ ကထိန်ကိစ္စစကားပြောတာမျိုးရှိခဲ့ကြောင်းနဲ့ ဆရာတော်ဟာ ဘာသာရေးနဲ့ ပညာရေးအဆောက်အဦတွေမှာ စစ်တပ်က တပ်စွဲတာကို နှစ်သက်ခြင်းမရှိသလို လက်ရှိတပ်စွဲနေတဲ့ စစ်သားတွေအပြင် တပ်လာစွဲလေ့ရှိတဲ့ စစ်သားတွေနဲ့လည်း အရောတဝင် ဆက်ဆံတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။

အဲဒီနေ့မှာပဲ လက်ပံတန်းမြို့နယ်သံဃနာယကအဖွဲ့က လယ်ပြင်ဘုန်းတော်ကြီးကျောင်းဝန်းကျင်ရှိ ကျောင်းထိုင်ဆရာတော်အချို့ကို ခေါ်ယူတွေ့ဆုံတာမျိုးရှိပေမယ့် မည့်သည့်ကိစ္စဆိုတာ မသိရသလို ဆရာတော်ပျံတော်မူတာနဲ့ပတ်သက်ပြီးတော့လည်း တစုံတရာပြောဆိုတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင်ဆရာတော်ရဲ့ ရုပ်အလောင်းကို ဆေးရုံပို့ပြီး စစ်ဆေးတာမျိုးမရှိတဲ့အတွက်လည်း ဆရာတော်ရဲ့တပည့်တကာတွေက သံသယရှိကြတယ်လို့ ဆိုပါတယ်။

လက်ပံတန်းနဲ့ မင်းလှမြို့နယ်တွေထဲကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးတိုင်း အဲဒီဘုန်းတော်ကြီးကျောင်းမှာ လာရောက်တပ်စွဲလေ့ရှိပြီး ဆရာတော်ဥူးသုမနဟာ လက်ပံတန်းမြို့နယ်အနောက်ဘက် ဇီးဖြူကုန်းတိုက်နယ်ဇာတိဖြစ်ပြီး ငယ်စဉ်ကပင် ရဟန်းဘောင်ကိုဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သော်တာအောင်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။