စက်တင်ဘာ ၉၊ ၂၀၂၆။
ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ – PRAF ခေါင်းဆောင် ဘိုးတော်နီဟာ စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘိုးတော်နီကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံးက ပထမအကြိမ် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဧပြီလထဲမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ဘိုးတော်နီကို ရွှေဘိုခရိုင် တပ်ရင်း ၄၊ တပ်ခွဲ ၂ က ရွှေဘိုနယ်ထဲမှာပဲ ဒုတိယအကြိမ် ဖမ်းဆီးခဲ့တာလို့ PRAF တပ်ဖွဲ့နဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
“ရွှေဘိုနယ်ထဲမှာလို့ သိရပါတယ်။ တပ်ပြန်တည်နိင်ရေး ရန်ပုံငွေအတွက် ပစ္စည်းတွေ ပို့ရင်း ရွှေဘိုမှာ ရင်း ၄ ခွဲ ၂ က ထိန်းထားတယ် သိရပါတယ်။ ရွှေလုပ်ငန်းသုံး မိုင်းတွေ ပါတာ မသင်္ကာရာကနေ ဘိုးတော်နီ ဖြစ်တာသိသွားလို့ ပစ္စည်းရော လူရော ထိန်းလိုက်တယ် ယူဆပါတယ်။” လို့ PRAF နဲ့ နီးစပ်သူက ဆိုပါတယ်။
ဘိုးတော်နီ ပထမအကြိမ်ဖမ်းဆီးခံရစဉ်က PRAF အထိုင်ချထားတဲ့ စခန်းနေရာတွေမှာ အခြားတပ်ဖွဲ့တွေက ဝင်ရောက်နေထိုင်တာတွေ၊ PRAF တပ်သားတွေက လက်နက်တွေနဲ့တကွ ထွက်ပြေးသွားကြတာတွေရှိနေပြီး ဘိုးတော်နီက တပ်ပြန်တည်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဲဒီဖမ်းဆီးမှုနဲ့ ပတ်သတ်လို့ ရွှေဘိုခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ တိုင်းစစ်ဌာနရဲ့ ညွှန်ကြားမှုနဲ့ ခေတ္တထိန်းသိမ်းထားတာဖြစ်နိုင်ပြီး သတင်းရရှိခြင်းမရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ဘိုးတော်နီ ပထမအကြိမ်လွတ်စဉ်က ကူညီဖို့သွားတဲ့ ရဲဘော် ၂ဦး ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး “ကျွန်တော့်ရဲဘော်တွေက ဘိုးတော်နီ ထွက်ပြေးစဉ် ကူညီဖို့ သွားရာက ခုထိ ပျောက်ဆုံးနေတာပါ။ ထွက်ပြေးတာမျိုးမဟုတ်ပါဘူး။ ရန်သူ့စစ်ကြောင်းနဲ့ တိုးသလား ၊ ဆားလင်းကြီးနယ်ထဲ တဖွဲ့ဖွဲ့က ဖမ်းထိန်းထားသလား သေချာ မသိရပါဘူး။” လို့ ပျောက်ဆုံးနေတဲ့ ရဲဘော် ၂ ဦးရဲ့ တပ်ဖွဲ့ဝင်က ပြောပါတယ်။
ဘိုးတော်နီထွက်ပြေးလွတ်မြောက်စဉ်က ကူညီဖို့သွားရောက်တဲ့ ယင်းမာပင်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုက ရဲဘော် ၂ ဦးလည်း ၄ လနီးပါးကြာ ပျောက်ဆုံးနေပြီး ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး