အုတ်ဖို၊ စက်တင်ဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချင်းစု၊ ကိုင်းကြီး၊ ဒေါင်းကြီး၊ ကြို့ကိုးပင်ကျေးရွာတွေကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရတယ်လို့ သာယာဝတီခရိုင်စစ်ဆင်ရေးတာဝန်ခံဆီက သိရပါတယ်။
စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီကျော်မှာ ကြို့ပင်ကောက်မြို့ဘောလုံးကွင်းကနေတက်လာတဲ့ စက်တပ်လေထီး ၅ စီးက အထက်ပါကျေးရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ မိနစ်ပိုင်းလောက်သာခြားပြီး ဗုံးသီးတွေကြဲချခဲ့တာလို့ဆိုပါတယ်။
“ကိုင်းကြီးမြောက်ကျောင်း ဘုန်းကြီးကျောင်းပေါ်ကျတယ်။ ဘုန်းကြီးကျောင်းပျက်စီးတယ်။ ချင်းစုရွာမှာက ဆေးဆိုင်တည့်တည့်ကိုကျတာ။ ပြည်သူတွေကတော့လက်လုပ်လက်စားတွေဘဲ။ လေထီးကိုမမြင်ဘူးတော့ ခြံထဲကနေ ဓာတ်ပုံရိုက်တာ။ အဲ့မှာတည့်တည့်လည်းကျကော မရှောင်သာမတိမ်းသာဘဲထိတာ”လို့ သာယာဝတီခရိုင် စစ်ဆင်ရေးတာဝန်ခံ ကိုသစ္စာကပြောပါတယ်။
ဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် ချင်းစုကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ကိုချစ်ကောင်း၊ အသက် ၁၅ နှစ်အရွယ် G7 ကျောင်းသား ခန့်ကျော်သူ၊ ကိုင်းကြီးကျေးရွာဘုန်းကြီးကျောင်းနံဘေးရှိနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးမင်းတို့ ၃ ဦးနေရာမှာတင်သေဆုံးခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါင်းကြီးကျေးရွာနေအိမ်ထဲရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် ဦးအယ်စေးမှာ ပေါင်နဲ့လက် ပြင်းထန်ဒဏ်ရာရသလို သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မြမြသင်းဆိုသူမှာလည်း နဖူးထိခိုက်ဒဏ်ရာရခဲ့ကာ ကြို့ကိုးပင်ကျေးရွာမှာတော့ လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ဗုံးထိမှန်မိပြီး ချင်းစုရွာက နေအိမ် ၂ လုံး၊ ကိုင်းကြီးကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဒေါင်းကြီးရွာက နေအိမ် ၁ လုံးတို့ပျက်စီးပြီး နွား ၁ ကောင်သေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့် ဒေသခံတွေမှာ ထိတ်လန့်ကြောက်ရွံနေကြပေမယ့် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်တာမျိုးတော့မရှိဘူးလို့ သိရပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဒေါင်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်ဘက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သားအမိ ၂ ဦးသေဆုံးသွားသေးတယ်လို့သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ စက်တင်ဘာ ၄ ရက်ထိ စစ်ကော်မရှင်တပ်နဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၇,၁၈၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း