အုတ်ဖို၊ ဇွန် ၁၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းကမီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၉ ရက်မနက် ၇ နာရီကျော်မှာ ချောင်းဂွရွာကထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ရွာထဲကိုရောက်လာပြီးနောက် ကျေးရွာအနောက်ပိုင်းရှိ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“မီးတို့တာ။ မိုးတွေရွာလို့ နေ့လည်လောက်မီးငြိမ်းသွားတယ်။ မနက်ပိုင်းမီးတွေ တော်တော်လောင်တယ်။ အနောက်ပိုင်းတပိုင်းလုံးနီးပါးကုန်တယ်။ အိမ်ထဲကနေ ဆယ်ဘီးကားတွေနဲ့ ပစ္စည်းတွေသယ်ပြီးမှရှို့တာ”လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
မီးရှို့ခံရတာကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိထန်းပင်ကုန်းရွာက အိမ်ခြေ ၇၀ ခန့်မီးလောင်ပျက်စီးနိုင်ပြီး စစ်ကော်မရှင်စစ်ကြောင်းကတော့ ဇွန် ၁၀ ရက်ဒီကနေ့အထိ ရွာထဲမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီမနက် ၆ နာရီကျော်ကစတင်ပြီး ရွာထဲတပ်စွဲထားတဲ့ စစ်ကော်မရှင်အဖွဲ့တွေက ရိုးမအတွင်းတောစပ်တွေကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေကာ ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန် ၁ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွ၊ ကျွဲတဲကုန်း၊ ချောင်းဆုံလေးကျေးရွာတွေကို စစ်ကော်မရှင်အဖွဲ့တွေက မီးရှို့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စာတည်း – လင်း