တောင်သာ၊ ဇူလိုင် ၂၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တနေရာမှာ PDF ရဲဘော်အချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ကျည်ထွက်ပြီး တိုက်နယ်ပကဖ တာဝန်ခံ အမျိုးသမီးရဲဘော် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀ နာရီခန့်မှာ ရုံးစည်ကြီးတိုက်နယ် ပကဖ လက်အောက်ရှိ ရဲဘော်တွေဟာ စစ်ဆေးရေးဂိတ်အနီးက ဇရပ်မှာ ထမင်းစားနေစဉ် ရဲဘော်သိန်းဌက်နဲ့ ရဲဘော်ရဲထက်တို့ စကားများကြရာမှာ သိန်းဌက်က ရဲထက်ကို သေနတ်ကျည်ထိုးပြီး ပစ်ခတ်မယ့်ဟန်ပြင်စဥ် နှစ်ယောက်သား သေနတ်လုကြရာမှ ကျည်ထွက်ခဲ့တာလို့ဆိုပါတယ်။
“ဇရပ်ပေါ်မှာ ထမင်းစားနေချိန်ဖြစ်တာ။ ထမင်းခူးကျွေးပြီးတဲ့အချိန် ကလေးချင်းစကားများရာမှာ ကျည်ထိုးတဲ့အချိန် သေနတ်ကို နှစ်ယောက်ဝိုင်းလုချိန်မှာ ကျည်ထွက်ပြီး အောက်ကနေထောက်မှန်တာ။ ဘယ်ဘက်လက်ပြင်ကိုဖောက်ဝင်သွားပြီး ခဏအကြာမှာ ဆုံးသွားတာ”လို့ ဖြစ်စဥ်ကို သိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သေနတ်ကျည်ထိမှန်တာကြောင့် ရုံးစည်ကြီးတိုက်နယ်ပကဖ တာဝန်ခံ အမရာမောင် (ခ) စွန်ရဲမမှာ လက်ပြင်ဖောက်ဝင်ဒဏ်ရာရပြီး ဆေးကုဖို့ခေါ်ဆောင်သွားစဥ် သေဆုံးသွားတယ်လို့သိရပါတယ်။
အဆိုပါ သေနတ်ကျည်ထွက်ပြီး လူသေဆုံးစေခဲ့တဲ့အမှုမှာ သေနတ်နဲ့ထိုးချိန်တဲ့ ရဲဘော်သိန်းဌက်နဲ့ စကားများရန်ဖြစ်သူ ရဲထက်တို့ကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။