ပဲခူး၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People’s Defence Organization – Oktwin ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနေ့ည ၉ နာရီခန့်မှာ အုတ်တွင်းမြို့မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အုတ်တွင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့၊ အုန်းပင်ရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအင်အား ၇ ဦးဟာ မြို့နဲ့ ၂ မိုင်ခန့်အကွာ အုန်းပင်ကျေးရွာအုပ်စုကို ဆိုင်ကယ် ၄ စီးနဲ့ ကင်းလှည့်မောင်းနှင်လာစဉ် သံတိုင်ခင်ရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဗိုလ် ၁ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အုန်းပင်ရွာအုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ရဲ ၂ ဦးဟာ ဆိုင်ကယ် ၁ စီးနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ People’s Defence Organization – Oktwin ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။


ဒါ့အပြင် သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံကနေ MA 3 ၁ လက်၊ MA 11 ၁ လက်၊ G 3 ၂ လက် ၊ အူဇီ ၁ လက်၊ MA ကျည်ဘောက်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံး ၁ လုံး၊၊ ဓါးမြောင် ၂ ချောင်းတို့ကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းမှာလည်း အုတ်တွင်းမြို့နယ်အတွင်းရှိ မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ People’s Defence Organization – Oktwin အဖွဲ့တွေအကြား ၆ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ။




