ပန်းတောင်း၊ ဩဂုတ် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးပို့ဆောင်ခံရပြီး စစ်မှုထမ်းနေရတဲ့ လူငယ်တွေရဲ့မိသားစုဝင်တွေကို အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေး ထပ်တောင်းနေလို့ ပေးဆောင်နေရတယ်လို့ အဲဒီမိသားစုတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပန်းတောင်းမြို့နယ် တုံကင်းအုပ်စု၊ ဥသျှစ်ပင်နဲ့ အခြားကျေးရွာအုပ်စုတွေက မိသားစုဝင်တွေဆီမှာ တောင်းခံနေတာလို့ ဆိုပါတယ်။
“သူတို့တောင်းတော့လည်း ပေးရတာပဲလေ၊ ကျနော်တို့ မိသားစုပဲတောင်းတာ မဟုတ်ဘူး။ အခြားသူတို့ စစ်မှုထမ်းခေါ်သွားတဲ့ ကလေးတွေရဲ့ မိဘတိုင်း ပေးရတာ။ လတိုင်းပေးရတာ”လို့ ဥသျှစ်ပင် ဒေသခံတဦးက ပြောပါတယ်။
အလားတူ ပန်းတောင်းမြို့နယ်၊ တုံကင်းအုပ်စုက စစ်မှုထမ်းအဖြစ် ၎င်းတို့ဆန္ဒနဲ့ ထောက်ပံ့ကြေးယူကာ စစ်မှုထမ်းတဲ့ လူငယ်တွေရဲ့ မိဘတွေဟာလည်း စစ်မှုထမ်းကြေးပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
“တအုပ်စုလုံးမှာလည်း စစ်မှုထမ်းလိုက်သွားတဲ့ လူငယ် ၅ ဦးလောက်ရှိတယ်။ သူတို့မိဘတွေလည်း ပေးရတယ်။ မပေးတဲ့သူက လူမှုရေးဝိုင်းပယ်ခံရတယ်။ သာရေးနာရေးရှိရင် ဝိုင်းကူမလုပ်တာတို့ အိုးခွက်ပန်းကန် မငှါးတာတို့လုပ်တာတွေက လက်တွေ့ မျက်မြင်တွေရှိတယ်။ အဲလိုဖြစ်အောင် အုပ်ကြီးက ခြိမ်းခြောက် စည်းရုံးထားတာ”လို့ တုံးကင်းအုပ်စုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် တုံကင်းအုပ်စုမှာ အခုလအတွက် စစ်မှုထမ်းကြေး စတင်တောင်းခံနေပြီး စစ်မှုထမ်းအမည်စာရင်းပါတဲ့ အိမ်က ကျပ်ငါးသောင်းနဲ့ အခြားအမည်မပါတဲ့ အိမ်တွေက ကျပ်နှစ်သောင်းနဲ့ ကျပ်သုံးသောင်းပေးဆောင်နေရတာပါ။
အကယ်လို့ စစ်မှုထမ်းကြေး မပေးဆောင်ပါက နေအိမ်မှာကျန်ရှိသူတွေထဲက တဦးဦး(ကြီးငယ်မရွေး)ကို ဖမ်းဆီးမယ်လို့ဆိုကာ ရာအိမ်မှူးတွေရဲ့ ခြိမ်းခြောက်တာတွေလည်းရှိနေပြီး၊ ကောက်ခံရရှိငွေထဲကနေ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက အချိုးကျ ခွဲယူတာတွေလည်း ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ်၂၈ အတွက် စစ်ကောင်စီလက်အောက်ခံတွေက နည်းမျိုးစုံနဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းမှုတွေကြောင့်၊ စစ်မှုထမ်ကြေးကောက်ခံမှုတွေ ပိုမိုဆိုးရွားလာပြီး၊ ကုန်စျေးနှုန်းအဆမတန် မြင့်မားနေသလို အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံနေရသလို စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရသူအများစုဟာလည်း အခြေခံလူတန်းစားမိသားစုဝင်တွေရဲ့ သားသမီးတွေသာဖြစ်ကြောင်း သိရပါတယ်။
သတင်း – သော်တာအောင်