myaelatt athan

Sharing Information to the Local

ကိုပါအမေရိက ၂ ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနား  (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၄။

ယနေ့မနက် ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ရဲ့ ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားအနိုင်ရရှိခဲ့ပြီး ကိုပါအမေရိကချန်ပီယံဆုဖလားကို ၂ ကြိမ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ စတင်ကစားမယ့်ပွဲမှာ ကွင်းအတွင်း ပရိသတ်ဝင်ရောက်မှုအပိုင်းမှာ ပြသနာအနည်းငယ်ရှိခဲ့လို့ ၁ နာရီကျော် နောက်ကျပြီး မနက် ၇ နာရီ ၄၅ မိနစ်မှ ပြိုင်ပွဲကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းက ခြေစွမ်းပြသွင်းဂိုးတွေရယူပေးနေတဲ့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ချန်လှပ်ထားခဲ့ပြီး အဲဗာရက်ဇ်နဲ့ ပွဲထွက်လာခဲ့တာပါ။

ကြံ့ခိုင်မှုအသားပေးပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ ကိုလံဘီယာအသင်းကြောင့် အာဂျင်တီးနားတို့ ကစားရခက်ခဲခဲ့ပြီး နှစ်ဖက်အသင်းသား ထိခိုက်ဒဏ်ရာရမှုတွေမကြာခဏဖြစ်ခဲ့ကာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီလည်း ၆၆ မိနစ်မှာ ဒဏ်ရာရလို့ လူစားလဲခဲ့ရပါတယ်။

နှစ်ဖက်အသင်းအပြန်အလှန်ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသမားတွေ လက်စွမ်းပြနိုင်ခဲ့ကြလို့ သွင်းဂိုးမရရှိခဲ့ဘဲ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ကာ အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားခဲ့ရတာပါ။

အချိန်ပိုပထမပိုင်း ၉၇ မိနစ်မှာ ချန်လှပ်ခံထားရတဲ့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် လူစားဝင်ရောက်လာခဲ့ပြီး ၁၁၂ မိနစ်အရောက်မှာတော့ ကွင်းလယ်လူ လိုဆယ်လ်ဆိုရဲ့ ဖန်တီးပေးမှုကနေတဆင့် မာတီနက်ဇ်က ဂိုးသမားနဲ့တဦးချင်းအတွေ့မှာ တိတိကျကျကန်သွင်းပြီး အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

လက်ကျန်ပွဲကစားချိန်တွေမှာတော့ ကိုလံဘီယာအသင်းက တိုက်စစ်ဖွင့်ပြီး ချေပဂိုးရရှိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဂျင်တီးနားအသင်းက အနိုင်ရလဒ်ကို ထိန်းသိမ်းကာ ပွဲကစားချိန် ၁၂၀ မိနစ်အပြီးမှာတော့ ၁-၀ ရလဒ်နဲ့ ကိုပါအမေရိကဖလားကို အာဂျင်တီးနားအသင်း ကိုင်မြှောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကိုပါအမေရိကဖလားရရှိခဲ့လို့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ၂ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး မက်ဆီအနေနဲ့လည်း နိုင်ငံတကာပွဲစဉ် အောင်မြင်မှုအနေနဲ့ ကိုပါအမေရိကဖလား ၂ကြိမ် ကမ္ဘာ့ဖလား ၁ကြိမ် ရရှိခဲ့ပါတယ်။

AFA – Selección Argentina 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။