စစ်ကောင်စီ လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာပြင်းထန်

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၀ လေ့ကျင့်ရေးတပ် စခန်းကို ဖေဖော်ဝါရီ ၁၂ ရက်ညနေ ၅ နာရီကျော်မှာ တိုက်ခိုက်ခံရတာကြောင့် ၉ဦး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁၀ လေ့ကျင့်ရေးတပ် (အရပ်အခေါ် အရှေ့တပ်)ကို ကာကွယ်ရေးတပ် ၅ဖွဲ့က ၈၀မမနဲ့ ၅လုံးပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှာ ပြောင်းမတော်တဆကွဲထွက်ခဲ့တာကြောင့် ရဲဘော်တဦး ဒဏ်ရာအနည်းငယ်ရသွားခဲ့တယ်လို့ Danger Force LPDF ပြန်ကြားရေး တာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

“စကစ ကိုးယောက်လုံးက ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေတယ်လို့ အတွင်းဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာပါ။ ကျနော်တို့ဘက်က ဒဏ်ရာရသွားတာက တပ်ကိုပထမအကြိမ် ပစ်တဲ့အချိန်မှာ ပြောင်းကွဲထွက်သွားလို့ ရသွားတာ။ ဒဏ်ရာကမစိုးရိမ်ရဘူး။ ကျနော်တို့ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကလည်း တပ်တွင်းထဲကို ကျရောက်ခဲ့တယ်”လို့ ဆိုပါတယ်။

အဲ့ဒီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ချိန်မှာလည်း စစ်ကောင်စီဘက်က ၆၀မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ကိုမာန်ဟုန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ (APOSTLE)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာလည်း အရာတော်မြို့နယ်၊ သစ်ကြင်းကြီးတပ်စခန်းကို Droneနဲ့ ၄ကြိမ်၊ ရှော့ဒုန်းနဲ့ ၃ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။