သုံးဘီးနဲ့လာတဲ့ ဒေသခံတွေ မိုင်းထိလို့ ၅ ဦးဒဏ်ရာရ

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာအနီးမှာ သုံးဘီးနဲ့လာတဲ့ဒေသခံတွေ မိုင်းထိပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်မနက် ၈ နာရီခန့်မှာ ထန်းပင်ကုန်း- ကြာတကန်- ကျွန်းလှသွားလမ်းပေါ်မှာ သုံးဘီးဆိုင်ကယ်တစီး မိုင်းထိပြီး သုံးဘီးပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သိရတာက သူတို့က ကျွန်းလှဘက်ကနေ ထန်းပင်ကုန်းဘက်ကို သုံးဘီးနဲ့လာတာ၊ ကြာတကန်အနီးမှာ မိုင်းထိတာလို့ သိရတယ်။ အဲ့နားမှာလည်း ပြီးခဲ့တဲ့ ရှေ့ရက်တွေက တခါဖြစ်သေးတယ်။ ဘယ်သူထောင်တဲ့ မိုင်းလဲတော့ မသိရဘူး”လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ပါ ကျွန်းလှမြို့နယ်၊ ပျဉ်းမနားမြိုင်ရပ်ကွက်နေ ကိုပြည့်ဖြိုးခိုင် ၃၁ နှစ်၊ ဦးဝေလင်း ၄၉ နှစ်၊ ဦးဝင်းမင်းထွန်း ၄၂ နှစ်၊ ဒေါ်မေသန်းထွန်း ၄၀ နှစ်နဲ့ မဖြိုးဖြိုးဝင်း ၂၀ နှစ် တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး သူတို့ကို ဒေသခံတွေရဲ့အကူအညီနဲ့ ကျွန်းလှဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့မှု ဖြစ်လေ့ရှိတာကြောင့် ဒီမိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့လဲ ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ကျွန်းလှနယ်ထဲမှာ မကြာခဏဆိုသလို လမ်းသွားဒေသခံပြည်သူတွေဟာ အခုလိုပဲမိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်ညနေပိုင်းကလည်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ကနေ ရွာဘက်တွေကို သုံးဘီးနဲ့ကုန်စိမ်းလိုက်ရောင်းတဲ့ မိသားစု ၁ စု မိုင်းထိပြီး အသက် ၄ လအရွယ်ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။