11 July 2026 12:15 AM

ပွင့်ဖြူမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

0 35
0 35

ပွင့်ဖြူ၊ ဇွန် ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းပတ်ထိုးပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရကာ ကား ၁ စီးပျက်စီးတယ်လို့ မင်းဘူခရိုင်ပကဖပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

ဇွန် ၂၄ ရက် ယမန်နေ့မနက် ၁၀ နာရီကျော်မှာ မဒဲ၊ ကနီရွာတွေဘက်ကနေ စစ်ကြောင်းပတ်ထိုးပြီး ပြန်ဆုတ်လာတဲ့ စစ်ယာဥ် ၄ စီးနဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ထိန်အိုင်ရွာအနီးလမ်းကွေ့အရောက်မှာ မိုင်းဆွဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ကားကိုဖျက်အားပြင်းမိုင်းသုံးပြီးတော့ မိုင်းဆွဲလိုက်တယ်။ကားတစီးကတော့မီးလောင်သွားတယ်။ ဒီကောင်တွေကအော်ဟစ်ပြီး ပြေးကြတယ်။ ကျနော်တို့ဘက်ကလည်း အင်အားမမျှတတဲ့အပေါ် စစ်ဆင်ရေးလုပ်ရတာဆိုတော့ မိနစ်ပိုင်းလောက်ကိုဘဲ ပြောက်ကျားပစ်ခတ်ပြီး ပြန်ဆုတ်လာရတယ်” လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

အဆိုပါ မိုင်းဆွဲပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရပြီး ကားတစီးပျက်စီးသွားကာ မောင်းနှင်မရတော့တာကြောင့် ကျန်ကားတွေနဲ့ဆွဲယူသွားပြီး စလင်းမြို့ဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရမှုကို မြေပြင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ရဲဘော်တွေရဲ့မျက်မြင်တွေ့ရှိချက်ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကိုတော့ GZ ARMY နဲ့ပူးပေါင်းရဲဘော်တွေက တိုက်ခိုက်ခဲ့ကြတာလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ပခုက္ကူ တပ်မ ၁၀၁ နဲ့ ဆင်လူးပျူစောထီးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ပြီး ဇွန် ၂၁ ရက်ကစတင်ကာ ဆင်လူးရွာကနေတဆင့် ပုသိမ်-မုံရွာလမ်းအတိုင်း မဲဇလီ၊ မဒဲ၊ ကနီရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

၎င်းစစ်ကြောင်းကြောင့် အိမ်ခြေ ၁၀၀ ကျော်ကနေ ၃၀၀ ကျော်ရှိတဲ့ ကျွဲခြံ၊ လယ်မ၊ မဲဇလီ၊ ကျောက်ပုံ၊ အင်းကုန်း၊ ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ မဒဲ၊ ကနီကျေး ရွာတွေအပါ ရွာ ၁၃ ရွာ လောက်က ဒေသခံပြည်သူ ၅,၀၀၀ ကျော်စစ်ရှောင်နေကြရပြီး လတ်တလောမှာ စစ်ကြောင်းပြန်ထွက်သွားပေမယ့် ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးမလုပ်ရသေးလို့ နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။